နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိလာရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ မကြာသေးမီက အကြမ်းဖက်သောင်းကျန်းသူများ ယာယီ သိမ်းပိုက်ခဲ့သော လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် နောင်ချိုဒေသကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့၏ စိတ်ဓာတ်ကို ပြင်းထန်စွာရိုက်ချိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုကို အပြည့်အဝ ရရှိလာသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ တိုက်ပွဲဝင်စစ်သည်၊ အရာရှိများ၏ စိတ်ဓာတ် ခွန်အားတက်ကြွမှု၊ တိုက်ခိုက်လိုစိတ်ပြင်းပြမှုတို့ဖြင့် အောင်မြေချဲ့ထွင်မှုကို မြေပြင်၊ ဝေဟင် စစ်နည်း ဗျူဟာမြောက်အဆင့်ဆင့်ပေါင်းစပ်၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီခံစစ်စခန်း တည်ဆောက်ထားသည့် နေရာများကို အဆင့်ဆင့်လိုက်လံချေမှုန်းခဲ့ပြီး မိုးဗြဲဒေသနှင့် နောင်ချိုဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

 

နောင်ချိုမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် အရပ်သား ပြည်သူအချို့မှာ နေအိမ်၊ ဥစ္စာပစ္စည်းများကို စွန့််ခွာတိမ်းရှောင်နေရသည်။ ၎င်းတို့လက်အောက်တွင် အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အဘက်ဘက်မှ နိမ့်ကျသွားနိုင်သည်ကို လက်တွေ့သဘောပေါက် နားလည်လာသည့်အတွက် တပ်မတော်အား စိတ်အားထက်သန်စွာ အားပေးထောက်ခံလာကြပြီး မြေပြင်သတင်းရရှိမှုများကို နီးစပ်ရာ တပ်မတော်စစ်ကြောင်းထံ သတင်းပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်းများကို ပြုလုပ်လာခဲ့သည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် အဆိုပါ ဒေသများအား ယာယီသိမ်းပိုက် ထိန်းချုပ်ထားစဉ် မြို့/ရွာများ အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေ အိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း များကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မ ယူဆောင်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသော လမ်း/တံတားများအား ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

 

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း ယာယီနေရပ် စွန့်ခွာကြရသည့် ဒေသခံ ပြည်သူများ အန္တရာယ်ကင်းစွာ ပြန်လည်ဝင်ရောက်နေထိုင် နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး၊ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေးကို အမြန်ဆုံး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ အဆိုပါဒေသများ၏ လုံခြုံရေး၊ ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝခိုင်မာရေးကို ရွပ်ရွပ်ချွံချွံဆောင်ရွက်ပေးခဲ့သည့် တိုက်ပွဲဝင် တပ်မတော်သားများအား လေးစားဂုဏ်ပြုပါကြောင်းနှင့် အလားတူရှေ့တန်းတွင် တိုက်ပွဲဝင်လျက် ရှိသော တပ်မတော်သားစစ်သည်အပေါင်း၏ အောင်နိုင်စိတ်၊ တိုက်ပွဲဝင်လိုသောစိတ် စသည့် စိတ်ဓာတ် ခွန်အားအပါအဝင် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို မဆုတ်မနစ်သော ယုံကြည် ချက်ဖြင့် ဖြည့်ဆည်းပေးခဲ့သော တပ်မတော်သားမိသားစုများ၊ ပါရမီဖြည့်ဖက်များနှင့် တပ်မတော်ကို အားပေး ထောက်ခံသူများအားလုံးကိုလည်း လေးစားအသိအမှတ်ပြုကျေးဇူးတင်ရှိလျက်ရှိသည်။

 

သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးအတွက် အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စားသည့်စိတ်ဓာတ်များဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းပေးလျက် ရှိကြသော မျိုးချစ်တပ်မတော်သား အပေါင်းတို့ ဆက်လက်အောင်ပွဲဆင်နိုင်ရေး၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့က နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် အတူလက်တွဲ၍ ဆက်လက်ပူးပေါင်း ကူညီလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ