လွိုင်ကော် ဇူလိုင် ၂၀
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယား ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာ စက်မှုလယ်ယာစနစ်ကျလယ်မြေ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ အတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေနှင့် အရင်းအနှီးများကို တတ်နိုင်သရွေ့ ကူညီဖြည့်ဆည်းပေးလျက် ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဘက်စုံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်နယ်တည်ငြိမ် အေးချမ်းရေးအတွက် မိမိတို့ကျရာကဏ္ဍမှ ပူးပေါင်း ပါဝင်ကြစေလိုကြောင်း၊ ထို့အပြင် သီးနှံများ သီးထပ် သီးညှပ်စိုက်ပျိုးခြင်းနှင့် ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများကို ယခုထက် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက တောင်သူများ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များကို အကျယ်တဝင့်ရှင်းလင်းတင်ပြပြီး တောင်သူများ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နွားလဝိုး ကျေးရွာအုပ်စု ပဒါးညေးကျေးရွာမှ အောင်နိုင်တိုး မိုးစပါးစိုက်ပျိုးသည့် တောင်သူတစ်ဦးအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက ပဒါးညေး၊ လယ်တွဲနှင့် နွားလဝိုးရွာမ ကျေးရွာများမှ အောင်နိုင်တိုးနှင့် ရွှေအပ်စပါးစိုက် တောင်သူများအား လည်းကောင်း ယူရီးယားဓာတ်မြေဩဇာများကို သက်သာသော နှုန်းထားဖြင့် ရောင်းချပေးအပ်ရာ တောင်သူကိုယ်စားလှယ်များက လက်ခံယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သက်သာသောနှုန်းထားဖြင့် ရောင်းချ ပေးမည့် ယူရီးယားဓာတ်မြေဩဇာများ ခင်းကျင်းထားမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ သီးရွက်ဖျန်းအားဆေးများ စနစ်တကျ အသုံးပြုပုံ ရှင်းလင်း ပြောကြားမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာစနစ်ကျလယ်မြေ ကွင်းအမှတ် ၁၂၆(က) တောင်သူခွန်ချစ်ဦး ပိုင်လယ်မြေ၌ အောင်နိုင်တိုးစပါးမျိုးဖြင့် ပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးနေမှုနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးပြီး တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြည်နယ်၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအား သရုပ်ပြပညာပေး ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် စံပြဝက်မွေးမြူရေးခြံသို့ သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က စံပြဝက်မွေးမြူရေးဖြစ်သည့်အတွက် ဝက်မွေးမြူဆောင်ရွက်လိုသူများအား စနစ်တကျ ပညာပေး သရုပ်ပြသနိုင်ရေးနှင့် ဝက်သားပေါက် များကို စဉ်ဆက်မပြတ် မွေးမြူဖြန့်ဖြူးနိုင်ရေး၊ အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက် ရောဂါများ မကျရောက်စေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


