ဘားအံ ဇူလိုင် ၂၀

 

ကရင်ပြည်နယ် တရားလွှတ်တော် (၁၃၄ x ၁၄၁)ပေ အာရ်စီသုံးထပ်အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၁) ရပ်ကွက် ဆေးရုံလမ်း မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ အဆိုပါအဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။

 

အဆိုပါအဆောက်အအုံကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့ ၁၃ မှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်သည်။ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသော ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဘင်ခရာပန်းဖွား အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အဆောက်အအုံဆောက်လုပ်မည့် ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီး နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)