ရန်ကုန် ဇူလိုင် ၂ဝ
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) (MRESA) ၏ အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေး (2025- AGM) ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ SKY STAR Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။(ယာပုံ)
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ MRESA ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ အာဆီယံအိမ်ခြံမြေ အသင်းချုပ် (ARENA) အထွေထွေ အတွင်းရေးမှူးချုပ် Mr.Soma Sundrami ထိုင်းအိမ်ခြံမြေအသင်း(TREBA) ဥက္ကဋ္ဌ Mr. Prawit Amusari ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ MRESA ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ CEC, EC များနှင့် အသင်းသူ အသင်းသားများ စုံညီစွာ တက်ရောက်ကြသည်။
ထို့နောက် MRESA ဥက္ကဋ္ဌ ဦးခင်မောင်သန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး MRESA 2025-AGM ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မိုးမိုးထွန်းက ကျေးဇူးတင်စကား ပြောကြားကြသည်။
ဆက်လက်၍ ARENA အထွေထွေ အတွင်းရေးမှူးချုပ် Mr.Sima နှင့် TREBA ဥက္ကဋ္ဌ Mr.Prawit တို့က ဝမ်းမြောက် မင်္ဂလာစကားပြောကြားကြသည်။
ယင်းနောက် ဂုဏ်ထူးဆောင်နာယက ဦးသိန်းလှညိုက အမှာစကားပြောကြားပြီး အသင်း(ဗဟို) ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းသန်းက နှစ်ပတ်လည်စာရင်းစစ် အစီရင်ခံစာ ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ MRESA (ဗဟို) မှ ဖွဲ့စည်းထားသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဥက္ကဋ္ဌ များအား ကြွရောက်လာသူများနှင့် မိတ်ဆက်ပေးပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အသင်းများကို စွမ်းဆောင်ရည်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အာကာလင်း


