နေပြည်တော် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ဇူလိုင် ၁၉ ရက်က ရထားသံလမ်းပေါ်အိပ်နေသည့် အမျိုးသားနှစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် နံနက် ၄ နာရီခွဲတွင် ဝမ်းတွင်းမြို့နယ် ရထားလမ်း မိုင်တိုင်အမှတ် (၃၂၂/၈) ၌ အမျိုးသားနှစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးကြောင်း သတင်းအရ ဝမ်းတွင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သဲတောဘူတာရုံမှ တာဝန်ရှိသူတို့က သွားရောက်စစ်ဆေးခဲ့ရာ ရထားအမှတ် 924 အစုန်ရထားသည် သဲတောဘူတာမှ ရန်ကုန်ဘက်သို့မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ရထားသံလမ်းပေါ်အိပ်နေသော သဲတော (၃) ရပ်ကွက်နေသူများဖြစ်ကြသည့် ဝေလာ (၃၅) နှစ်နှင့် စိုးသက်အောင် (၃၃) နှစ်တို့ နှစ်ဦးအား ကြိတ်မိခဲ့၍ ၎င်းတို့နှစ်ဦးတွင် ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဝေလာနှင့် စိုးသက်အောင်တို့အား ဝမ်းတွင်းမြို့မရဲစခန်း (ပ) ၈၄/၂၀၂၅၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


