စစ်တွေ ဇူလိုင် ၂၁

 

စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆန်နှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ပင်စင်လစာ ထုတ်ပေးနိုင်ရန် လိုအပ်သော စိစစ်မှုများ ဆောင်ရွက်နေမှု၊ ပင်စင်လစာ ထုတ်ပေးနေမှု၊ စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများနှင့် တိုင်းရင်း ဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြပြီး အငြိမ်းစားဝန်ထမ်း များအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

စစ်တွေ မြို့နယ်အတွင်းရှိအငြိမ်းစား ဝန်ထမ်းများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ လစဉ်စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)