မကွေး ဇူလိုင် ၂၂

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ နှမ်းသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရ သည်။

 

နှမ်းကို မေလဆန်းတွင် စတင်စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့သုံးပြည်ခန့် ကုန်ကျကြောင်း၊ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကာ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ယခင်နှစ်က စုစုပေါင်းငွေကျပ် ငါးသိန်းခန့်ကုန်ကျခဲ့ရာ ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်လာသည့်အတွက် စုစုပေါင်း ငွေကျပ်ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၆-၇ တင်း ခန့် ထွက်ရှိခဲ့ပြီး အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြ ကြောင်း၊ ယခင်နှစ်၌ ရာသီဥတုမျှတမှုနည်းသည့်အတွက် နှမ်းသီးနှံအထွက်နှုန်းများ လျော့နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးများသော်လည်း နှမ်းပင်များ အသေအပျောက်နည်း၍ နှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းနှင့် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နှမ်းသီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

 

DOCA (မကွေး)