နေပြည်တော်  ၁၂  မတ် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရောင်ခြည်သစ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လှ ဦးဆောင်သော သင်တန်းသူ (၅၁)ဦးနှင့်ဝန်ထမ်း(၁၂)ဦးတို့သည်  ယနေ့မွန်းလွဲ ၂ နာရီတွင် လာရောက်လေ့လာရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့ဝင်များက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကိုလည်း စံ(၅)ချက်သတ်မှတ်၍ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် ရွေးကောက် ပွဲလုပ်ငန်းစဉ်များအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း၊ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ကိုရေး ဆွဲပြီး ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုခြင်းနှစ် အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများက ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အမျိုးသမီးများ ရွေးကောက်ပွဲနှင့် နိုင်ငံရေးတွင် ပိုမိုပါဝင်လာနိုင် ရေးအတွက် ၂၀၁၆ ခုနှစ်မှစတင်၍ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊   သင်တန်းသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ကော်မရှင်၏ ကျား/မ တန်းတူ ညီမျှရေးနှင့် အမျိုးသမီး ကဏ္ဍမြှင့်တင်ရေးဆိုင်ရာ မူဝါဒများကိုလည်း လေ့လာစေလိုကြောင်း ပြောကြားသည်။ 

ယင်းနောက် ကော်မရှင်ရုံး၏ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက  လုပ်ငန်း ဆောင်ရွက်မှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး လာရောက်လေ့လာသူများ၏ သိရှိလိုသည်များ အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားသည်။  

( သတင်းစဉ် )