နေပြည်တော်   ဇူလိုင်   ၂၁

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်  ပြည်နယ်  အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့   မွန်းလွဲ ၃ နာရီမှစတင်၍   ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံမြို့နယ် တောင်ဒဂုံအားကစားကွင်း၊    သန်လျင်မြို့နယ်   သန်လျင်အားကစားကွင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း) တို့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ  ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင် ပွဲကြည့်ပရိသတ်များ လာရောက်ကြည့်ရှုအားပေး ကြသည်။

၂၀၂၅   ခုနှစ်   တိုင်းဒေသကြီးနှင့် ပြည်နယ်    အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို    မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့်  မျိုးဆက်သစ်  ဘောလုံးအားကစားသမား  များစွာပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ယနေ့ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်းတွင်    မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့်  လည်းကောင်း၊ တောင်ဒဂုံအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်  ကချင်ပြည်နယ်အသင်းတို့  ယှဉ်ပြိုင်ကစားရာ ကချင် ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ သန်လျင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ YTC လေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)တွင် ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းက   ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို  သုံးဂိုး-ဂိုးမရှိ ဖြင့်လည်းကောင်း    ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

ဇူလိုင် ၂၂ ရက်တွင် ပြိုင်ပွဲတစ်ရက် ရပ်နားပြီး ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃ နာရီမှ စတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်းတွင် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ YTC လေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)တွင်   ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဘောလုံးအားကစားဝါသနာရှင်    မိဘပြည်သူများအနေဖြင့်   အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။

သတင်းစဉ်