ရွှေတောင် ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ပဲတောင့်ရှည်(ခေါ်) တိုင်ထောင် ပဲသီးနှံကို စိုက်ပျိုးကြကြောင်း သိရသည်။
အကျိုးအမြတ်များရရှိ
ပဲတောင့်ရှည် သီးနှံသည် ရာသီမရွေး စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ ပင်ခြား တစ်ပေ၊ တန်းခြား သုံးပေခြား၍ တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ်ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပဲတောင့်ရှည် အတောင့် ၁၀၀၀၀၀-၁၂၀၀၀၀ ခန့်ထွက်ရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ဒေသတွင်းရောင်းချမှုများအပြင် ပြည်မြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အကျိုးအမြတ်များရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
သတင်းရင်းမြစ်- စီးပွား/ ကူးသန်း


