ကျွန်းလှ ဇူလိုင် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီတွင် မြေပဲ ဧက ၅၈၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြပါတယ်။ ဒီနှစ်မိုးရာသီမှာ မြေပဲစိုက်ပျိုးဖို့ ၇၃၁၄ ဧက လျာထားပြီး လက်ရှိအချိန်ထိ ၅၈၃၅ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ ဒေသတွင်းစားသုံးဆီဖူလုံဖို့ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

အဆိုပါ မိုးမြေပဲစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းများ အသုံးပြုပြီး စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိသည်။

 

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးရန် ၇၃၁၄ ဧက လျာထားကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)