နေပြည်တော်  ၁၂  မတ် 

 

"စားသုံးသူများတွင် အခွင့်အရေးများရှိသည်" ကမ်ပိန်းစာနယ်ဇင်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန ခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က စားသုံးသူရေးရာဆိုသည်မှာ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကုန်သွယ်ရောင်းဝယ်ရန်မဟုတ်ဘဲ စားသောက်ခြင်းနှင့်သုံးစွဲခြင်းပြုသူကို ဆိုလိုပါကြောင်း၊ စားသုံးသူပြည်သူများအတွက်   ကမ္ဘာ့ကုလသမဂ္ဂကအဖွဲဲ့ကြီးမှ လမ်းညွှန်ထားသော စားသုံးသူအခွင့် အရေး(၈)ချက်တွင် လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ သတင်းအချက်အလက် ပြည့်စုံစွာရရှိနိုင်ခွင့်၊ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခွင့်၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရ ရှိခွင့်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်ခွင့်၊ ထိခိုက်နစ်နာ မှုများအတွက် လျော်ကြေးရပိုင်ခွင့်၊ စားသုံးသူရေးရာကိစ္စနှင့်ပတ်သက်၍ သိရှိလေ့လာနိုင်ခွင့်နှင့် ကောင်းမွန်ရှင်သန်နိုင်သော ပတ်ဝန်းကျင်ကိုရရှိနိုင်ခွင့်တို့ ဖြစ်ပါကြောင်း၊ မြန်မာနိ်ုင်ငံတွင်ရှိသည့် စားသုံးသူများအနေဖြင့့််  အဆိုပါ အခွင့်အရေး(၈) ချက်ကို  နားလည်သိရှိသူ နည်းပါးနေသေးသည့်  အခြေအနေဖြစ်ပါကြောင်း။

 

ယနေ့ပြုလုပ်သည့်    "စားသုံးသူများတွင် အခွင့်အရေးများရှိသည်"   ကမ်ပိန်း၏ ရည်ရွယ်ချက် သည် စားသုံးသူများ ရသင့်ရထိုက်သည့်  စားသုံးသူအခွင့်အရေးများကို  မြန်မာတစ်နိုင်ငံလုံးရှိ  ပြည်သူများကသိရှိပြီး ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု သုံးစွဲရာတွင် နစ်နာမှုတစ်စုံတရာ ကြုံတွေ့လာရပါက တိုင်ကြားနိုင်ကြောင်းကို အသိပညာပေးလိုသည့်အတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က အမျိုးသား စားသုံးသူအခွင့်အရေးလှုပ်ရှားမှု (Campaign)ကို ရက်သတ္တပတ်(၆)ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ရက်သတ္တပတ် (၆) ပတ်တာကာလအတွင်း စားသုံးသူ အသိပညာပေး ဇာတ်လမ်းတိုများကို နိုင်ငံပိုင်ရုပ်သံမီဒီယာနှင့် ရေဒီယိုလိုင်းများတွင် ပြသထုတ်လွှင်သွားမည်ဖြစ်ကြောင်း၊ ထို့နည်းတူ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Social Media Campaign ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၉ခုနှစ် ၊ မတ် (၁၅) ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သွားမည့် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့” အခမ်းအနားတွင်လည်း စားသုံးသူများကို အသိပညာပေးမည့် အဆိုပါ Campaign ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူများကို အကာအကွယ်ပေးလျက်ရှိပြီး စားသုံးသူများ၏တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရာ၌ အဓိကတာဝန်ယူ ဆောင်ရွက်နေသောဌာနတစ်ခု ဖြစ်ပါကြောင်း၊ စားသုံးသူများက ၎င်းတို့၏နစ်နာမှုများကို တိုင်ကြားလိုပါက မြန်မာနိုင်ငံတဝန်းရှိ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ (CICC) များသို့ လူကိုယ်တိုင်သွားရောက် တိုင်ကြားနိုင်သည့်အပြင် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားလို သောသူများအတွက် စားသုံးသူရေးရာ ဦးစီးဌာန၏ တရားဝင် Website ဖြစ်သော http://www.doca.gov.mm ၊ မိုဘိုင်း Application ဖြစ်သော DOCA Myanmar နှင့် စားသုံးသူရေးရာဦးစီးဌာန Facebook Page မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မီဒီယာများ သိရှိလိုသည့် မေးခွန်း များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

(သတင်းစဉ်)

 

KHP_4200