ဘားအံ ဇူလိုင် ၂၂
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ် အိန္ဒိကျေးရွာ ရှမ်းစုရပ်ရှိ တောင်သူ ဦးဆလွန်း၏ ဒေသနွားရွှေနီမျိုး မွေးမြူရေးခြံနှင့် တွဲဖက်၍ ဒေသဆိတ်များ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး အသားနှင့်နို့ တိုးချဲ့မွေးမြူ ထုတ်လုပ်နိုင်ရေး မှာကြားကာ တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရဆားခဲများကို အခမဲ့ချီးမြှင့် ပေးအပ်သည်။
ထို့နောက် ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာ ကွင်းအမှတ် ၁၁၆၇ ရှိ တောင်သူဦးချမ်းအေး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ကော့သင်းရှူး၊ နောင်လုံအနောက်၊ ကော့မကယ်အိန္ဒိနှင့် လှိုင်ကားကျေးရွာတို့မှ တောင်သူများအား မြေအသုံးချရေးဌာန(ခွဲ) မှ တာဝန်ရှိသူများက မြေဆီဩဇာ တိုးတက်ကောင်းမွန်စေသော ခရုအမိုင်နိုအက်စစ် ပြုလုပ်သုံးစွဲနည်းနှင့် အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေးပြီး ပြန်လည်ပြုလုပ်သုံးစွဲ ကြမည့် တောင်သူများအား အီးအမ်(အပြင်း)ရည်များကို အခမဲ့ ဖြန့်ဝေပေးအပ်သည်။
ယင်းနောက် အဆိုပါမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ခြောက်ဧက အတွင်း ယူရီးယားဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာများ အချိုးကျရောနှော ကြဲပက်ခြင်းနှင့် ထမ္မတိုင်ကွင်းရှိ မိုးစပါးစိုက်ပျိုးမည့် လယ်မြေများကို Kubota 50 ထွန်စက် နှစ်စီးဖြင့် မြေယာထွန်ယက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ လိုအပ်သည့်သွင်းအားစုများ ဖြည့်ဆည်း ပေးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာ ကွင်းအမှတ် ၁၁၆၇ ရှိ တောင်သူ ဦးအေးဝင်း ၏ မိုးစပါးစိုက်ခင်း၌ ပြုလုပ်သည့် သဘာဝမြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာ အချိုးကျရောစပ် စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ မိုးစပါးအထွက် နှုန်းတိုးတက်ရေး နည်းပညာပေး စံပြစိုက်ခင်းများ၊ မိုးစပါးထွန်ယက် စိုက်ပျိုးနေမှုနှင့် မြေဩဇာရောစပ် ကြဲပက်နေမှု တို့ကိုကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


