ရန်ကုန်    ဇူလိုင်    ၂၂

၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ဇူလိုင် ၂၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။

အုပ်စုပထမပွဲတွင် တီမောအသင်းနှင့် မထင်မှတ်ဘဲ သရေကျခဲ့သည့် မြန်မာအသင်းသည် ထိုင်းအသင်းကို အနိုင်ကစားနိုင်မှ ဆီမီးဖိုင်နယ်တက်ရောက်မည်ဖြစ်ရာ ကြိုးစားကစားသော်လည်း သရေတစ်မှတ်သာ ရယူနိုင်သဖြင့် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာအသင်းနည်းပြချုပ် ကူရိုဆာကီသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အချို့ပြုလုပ်ခဲ့ပြီး   ဟိန်းထက်စိုး (ဂိုး)၊  မြတ်ဖုန်းခန့်၊ စခန့်ချော၊ ထူးဝေယံ၊ ခန့်ဇင်ဟိန်း၊ အာကာကျော်၊ မိုးဆွေ၊ ဇော်ဝင်းသိန်း၊ ရှိုင်း၀ဏ္ဏအောင်၊ မင်းမော်ဦး၊ သန်းတိုးအောင်တို့ကို အသုံးပြုခဲ့သည်။ ထိုင်းအသင်းသည် အရေးနိမ့်လျှင်ပင် နောက်တစ်ဆင့်တက်ခွင့်ရှိနေသော်လည်း အကောင်းဆုံးကြိုးစားခဲ့ပြီး မြန်မာအသင်း ခံစစ်အမှားနည်းသဖြင့် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပပြီး အုပ်စုပထမနေရာရ သုံးသင်းနှင့် ဒုတိယနေရာရအသင်းများ အနက် အကောင်းဆုံး တစ်သင်း  စုစုပေါင်း လေးသင်းသာ  ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည် ဖြစ်ပြီး အုပ်စု (က) တွင်   အင်ဒိုနီးရှားအသင်းက  ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊  အုပ်စု (ခ) တွင် ဗီယက်နမ်အသင်းက     ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ အုပ်စု (ဂ) တွင် ထိုင်းအသင်းက လေးမှတ်ဖြင့်    အုပ်စုပထမရရှိခဲ့သည်။ အကောင်းဆုံးအုပ်စု ဒုတိယနေရာအတွက် တွက်ချက်ရာတွင်   လေးသင်း ပါဝင်သော အုပ်စု (က) တွင် အောက်ဆုံးရပ်တည်သည့် ဘရူနိုင်းအသင်းနှင့် တွေ့ဆုံသည့်ရလဒ်ကို ပယ်ဖျက်ကာ အုပ်စု (က) မှ ဖိလစ်ပိုင်အသင်းက သုံးမှတ်၊ အုပ်စု (ခ) မှ  ကမ္ဘောဒီးယားအသင်းက တစ်မှတ်၊  အုပ်စု (ဂ) မှ မြန်မာအသင်းက နှစ်မှတ်ရရှိပြီး သုံးမှတ်ရရှိသည့် ဖိလစ်ပိုင်အသင်းက အကောင်းဆုံးအုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။ 

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်း၊ အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့ တွေ့ဆုံနေသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-FAT