ဦးကျော်ညွန့် (ရေနံချောင်း)
ကျောက်သွေးသူသည် သဘာဝကျောက်ရိုင်း တုံးများကို သွေးပေးရ၏။ ကျောက်ရိုင်းတုံးများကို သွေးပေးလိုက်ပါက တောက်ပြောင်လာသည်။ အရည်အသွေး ပေါ်လာသည်။
ကျောက်၏တန်ဖိုးသည် အရည်အသွေး တောက်ပြောင်မှုအပေါ် မူတည်နေသည်။ အရည် အသွေးမတောက်ပြောင်ဘဲ မှေးမှိန်နေပါက တန်ဖိုးနည်းပါးသည်။ ကျောက်သွေးမကျွမ်းကျင်သူ၏ လက်ဝယ်တွင်ရှိသော သဘာဝကျောက်ရိုင်းတုံးများသည် အချည်းနှီးဖြစ်ရရှာသည်။ နှမြောစရာကောင်း လှပါသည်။ လက်ဝယ်ရှိ ကျောက်ရိုင်းတုံးများကို အရည်အသွေး တောက်ပြောင်လာအောင် သွေးကြရသည်။ ကျောက်သွေးသူ ကျွမ်းကျင်လေလေ ကျောက်ရိုင်းတုံးများ၏ အရည်အသွေးက တောက်ပြောင်လေလေဖြစ်သည်။ အရည်အသွေး တောက်ပြောင်လေလေ တန်ဖိုးကြီးမြင့်လေလေ ဖြစ်ပါသည်။
ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်လာအောင် သွေးပေးနေခြင်းဖြစ်
ယနေ့ ကျောင်းနေအရွယ်ကလေးတို့သည် ကျောက်ရိုင်းတုံးလေးများနှင့်တူလှ၏။ ထိုကျောက် ရိုင်းတုံးလေးများကို လက်ဝယ်ပိုင်ပိုင်ရှိနေကြသူများသည် မိဘများဖြစ်ကြ၏။ မိဘတို့သည် ကျောက်ရိုင်း တုံးလေးများနှင့်တူလှသော ရင်နှစ်သည်းချာ သားသမီးရတနာများကို အရည်အသွေး တောက်ပြောင်လာအောင် သွေးပေးကြရပေမည်။ ကျောက်ရိုင်းတုံးလေးများကို မသွေးဘဲပစ်ထားပါ က အလဟဿဖြစ်ရသကဲ့သို့ သားသမီးများကို မသွေးဘဲထားပါကလည်း အလဟဿဖြစ်ချေမည်။ မိဘတို့က သားသမီးများကို ပြုစုပျိုးထောင်မွေးမြူပေးနေခြင်းသည် သားသမီးတို့၏ ကိုယ်ရည်ကိုယ် သွေးတောက်ပြောင်လာအောင် သွေးပေးနေခြင်း ဖြစ်ပါသည်။
မိဘတိုင်းသည် မိမိတို့၏ ရင်နှစ်သည်းချာ သားသမီးများကို “လိမ္မာယဉ်ကျေးသူ၊ စာရိတ္တ ကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန်ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင်ကြသည်။ ထိုသို့ ဖြစ်ပေါ်လာအောင် ပြုစုပျိုးထောင်မွေးမြူပေးရမည့် တာဝန်ဝတ္တရားကလည်း မိဘတိုင်းတွင်ရှိပါသည်။ မိဘတိုင်းတွင်ရှိသော တာဝန်ဝတ္တရားများကို သင်္ဂဇာဆရာတော်ကြီးက “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်ဝတ်ငါးအင်၊ ဖခင်မယ် တို့တာ”ဟူ၍ အနှစ်ချုပ်ပြီး မိန့်ကြားခဲ့ပါသည်။ မိဘတို့၏ ဝတ္တရားငါးပါးကို မိဘတိုင်းက ကျေပွန်ကြ ရပေမည်။
မိဘတို့သည် မိဘတာဝန်ဝတ္တရားများကို သားသမီးတို့၏ အရွယ်လိုက်ပြီး ကျေပွန်အောင် ဆောင်ရွက်ကြရမည်သာဖြစ်ပါသည်။ သားသမီးတို့ ကို “မွေးကင်းစမှ ငါးနှစ်အတွင်းကို ကျောင်းမနေမီ အရွယ်၊ ငါးနှစ်မှ တက္ကသိုလ်ပညာသင်ယူပြီးမြောက်သည်အထိကို ကျောင်းနေအရွယ်၊ အတန်းပညာ သင်ယူပြီးမြောက် လူလားမြောက်သည်မှစပြီး ကျောင်းနေလွန်အရွယ်”ဟူ၍ အရွယ်သုံးမျိုး ခွဲနိုင် ပါသည်။ ကျောင်းမနေမီအရွယ်နှင့် ကျောင်းနေ အရွယ်သည် မိဘတို့၏ ထိန်းကျောင်းမှုအောက်တွင် ရှိနေသည်။ ထိုအရွယ်နှစ်မျိုးတွင် မိဘတို့၏တာဝန် ဝတ္တရားငါးပါးထဲမှ “မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ”ဟူသော ဝတ္တရားသုံးပါးကို ရှေးဦးကျေပွန်အောင် ဆောင်ရွက်ကြရပေမည်။
သွန်သင်ညွှန်ပြ ဆိုဆုံးမ
မိဘတို့သည် သားသမီးများကို မွေးကင်းစမှ အရွယ်ရောက်သည်အထိ ကာယနှင့် ဉာဏဖွံ့ဖြိုး အောင် ပြုစုစောင့်ရှောက်မွေးမြူကြရသည်။ ကောင်းသောအစားကောင်းများကို ကျွေးပြီး ကောင်းသောအဝတ်ကောင်းများကို ဝတ်ဆင်ပေးသည်။ ကောင်းသော အကျင့်ကောင်းများကို လေ့ကျင့်ပေးကြသည်။ မကောင်းမှုဟူသမျှကို မကျူးလွန်မိအောင် တားမြစ်သည်။ ကောင်းသော အပြုအမူ၊ ကောင်းသောအပြောအဆို၊ ကောင်းသောအကြံ၊ ကောင်းသောစရိုက်လက္ခဏာများကို သွန်သင်ညွှန်ပြ ဆိုဆုံးမကြသည်။ ကောင်းသော အလေ့အကျင့်များကို လေ့ကျင့်ပေးနေခြင်းဖြစ်ပါ သည်။ ထိုသို့ ပြုစုစောင့်ရှောက်လေ့ကျင့်မွေးမြူပေးနေသော မိမိတို့၏သားသမီးများသည် မိဘတို့ လိုလားတောင့်တမျှော်မှန်းသော သားရတနာ၊ သမီး ရတနာများ ဖြစ်လာကြပေသည်။
ကျောင်းမနေမီအရွယ်ကတည်းက အလေ့အကျင့်သည် သားသမီးတို့၏ရင်ထဲတွင် စွဲမြဲသန္ဓေ တည်လာသည်။ ထိုသန္ဓေသည် အလိုလိုစွဲတည် လာခြင်းမဟုတ်ပေ။ မိဘတို့က တည်ပေးလိုက်သော သန္ဓေသာဖြစ်ပါသည်။ မိဘများက ကောင်းသော သန္ဓေကို တည်ပေးလိုက်လျှင် ကောင်းသောသန္ဓေ စွဲတည်နေမည်ဖြစ်ပြီး မိဘများက မကောင်းသော သန္ဓေကို တည်ပေးလိုက်လျှင် မကောင်းသော သန္ဓေစွဲတည်နေမည်ဖြစ်ပါသည်။
အချို့မိဘတို့သည် အကဲပိုလှ၏။ သားသမီးတို့ ဆိုသမျှ အလိုကျဖြစ်စေသည်။ အကျိုးသင့်၊ အကြောင်းသင့်ပြောပြပြီး တားမြစ်ရမည်ကို မတားမြစ်၊ ထိန်းကျောင်းပေးရမည်ကို ထိန်းကျောင်းမပေး၊ တည့်မတ်ပေးရမည်ကို တည့်မတ်မပေး၊ ပဲ့ပြင်ရမည်ကို မပဲ့ပြင်၊ သွန်သင်ရမည်ကို မသွန်သင်၊ ဆုံးမရမည်ကို မဆုံးမဘဲ လိုက်လျောထားသည်။ ဘာမဆို အလိုကျ လိုက်လျောထားခြင်းသည် ကောင်းသော အလေ့အကျင့်မဟုတ်ပေ။ အလေ့အကျင့်ဆိုးဖြစ်ပါသည်။ ထိုအလေ့အကျင့်ဆိုးသည် သားသမီးတို့ရင်ထဲ သန္ဓေစွဲတည်နေမည်ဖြစ်သည်။ ထိုသန္ဓေဆိုး ပေါက်ဖွားလာပါက မိဘတို့ လိုလားတောင့်တ မျှော်မှန်းထားသော သားကောင်းသားမွန်၊ သမီး ကောင်းသမီးမွန်များဖြစ်မလာဘဲ သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်များ ဖြစ်လာပေမည်။
သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်တို့သည် မိသားစုကို ကောင်းကျိုးမပေးဘဲ ပတ်ဝန်းကျင်နှင့် အများပြည်သူကိုပါ ဒုက္ခပေးနေတော့သည်။ ထိုမျှနှင့် အားမရ။ မိဘကို ရန်ပြုသည်အထိ လက်ရဲဇက်ရဲ ဖြစ်လာတတ်သည်။ ထိုသောအခါမှ မိဘတို့သည် သားသမီးများ ငယ်စဉ်အရွယ်တွင် မသွန်သင်၊ မညွှန်ပြ၊ မဆုံးမခဲ့သည်ကို နောင်တရတတ်ကြသည်။ ထိုနောင်တမျိုးကို မရစေချင်သော မန်လည် ဆရာတော်ကြီးက “သားကိုငယ်က၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်၏”ဟု သတိပေးထားပါ သည်။
ထိုသတိပေးဆုံးမစာလင်္ကာကို မိဘတိုင်း သတိမူကြရပေမည်။ သတိမမူခဲ့လျှင် “နားရွက်ဖြတ် ခံရသည့်မိခင်” ကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရမည်မှာ သေချာသည်။ သားဆိုးသမီးဆိုးတို့၏ မိဘတို့သည် လူပုံအလယ်တွင် ခေါင်းမဖော်ရဲကြပေ။ မျက်နှာပျက် အရှက်ကွဲနေကြရရှာသည်။ “သားသမီး မကောင်း မိဘခေါင်း” မဟုတ်ပါလော။
ပညာအခြေခံကောင်းများကိုသင်ကြား
မိဘတို့၏ သားသမီးတို့သည် အသက်ငါးနှစ်ပြည့်၍ ကျောင်းနေအရွယ်ရောက်သည်နှင့် အခြေခံ ပညာကျောင်းတော်များရှိ အခြေခံပညာသင် ဆရာ ဆရာမများထံသို့ အပ်နှံကြသည်။ အခြေခံပညာ သင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော အခြေခံပညာ ဆရာ ဆရာမများသည် ပညာ အခြေခံကောင်းများကို သင်ကြားလေ့ကျင့်ပေးနေကြသည်။ ဆရာ ဆရာမတို့သည် မိဘများကဲ့သို့ပင် ကျောက်ရိုင်းတုံးကလေးများကို အရည်အသွေး တောက်ပြောင်လာအောင် သွေးပေးနေကြသူများ ဖြစ်ကြပါသည်။
သူတို့ ရင်ခွင်အောက်ရောက်လာကြသော မိဘတို့၏ သားသမီးများကို မိဘများကဲ့သို့ပင် မြတ်မြတ်နိုးနိုး တန်ဖိုးထားသည်။ ရင်ဝယ်လွယ်ဖွား မွေးသည့်သားကဲ့သို့ တယုတယ ပြုစုစောင့်ရှောက်ကြသည်။
ဆရာ ဆရာမတို့ကလည်း မိဘတို့၏သားသမီးများဖြစ်ကြသည့် မိမိ၏တပည့်များကို “လိမ္မာ ယဉ်ကျေးသူ၊ အကျင့်စာဂကောင်းမွန်သူ၊ အားကိုး အားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန် ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင်ကြပါသည်။ ထို့ကြောင့် ဆရာ ဆရာမ များက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ”ကို တစ်သဝေမတိမ်း ဦးထိပ်ပန်ဆင် ထားကြပါသည်။
မိဘတို့၏ သားသမီးများဖြစ်ကြသည့် ဆရာ ဆရာမတို့၏ တပည့်အပေါင်းတို့ကို ကန်တော်မင် ကျောင်းဆရာတော်ကြီးက “မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင် မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း”ဟူ၍ ပျို့လင်္ကာဖြင့် ဆိုဆုံးမထားခဲ့ပါသည်။ ဆုံးမစာအတိုင်း ကောင်းကျိုးတည်အောင် ကြိုးပမ်းကြရမည့်သူများမှာ မိဘတို့၏ သားသမီးများဖြစ်ကြသည့်၊ ဆရာ ဆရာမတို့၏ တပည့်များ ကိုယ်တိုင် ဖြစ်ကြပါသည်။ သို့မှသာ ကောင်းကျိုးတည်မည်ဖြစ်ပါသည်။ သို့ရာတွင် လက်ဦးဆရာ ဟူသည့် မိဘများနှင့် ဒုတိယမိဘများဟူသည့် ဆရာ ဆရာမတို့၏ အခန်းကဏ္ဍက အရေးကြီးလှပေသည်။ သားသမီးတပည့်များကို ကောင်းကျိုးတည်အောင် ကောင်းကျိုးသန္ဓေတည်ပေးကြရာတွင် အဓိက အခရာမှာ မိဘဆရာတို့ပင် မဟုတ်ပါလော။
အချိုးညီညီ ပူးပေါင်းဖွဲ့စည်းထားသည့် “မိဘဆရာအသင်း”
မိဘနှင့် ဆရာဆရာမတို့က လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျှင် “မိကောင်းဖခင် သားသမီးများ” ဖြစ်ပေါ်လာမည်ဖြစ်သကဲ့သို့ “ဆရာကောင်းတပည့် ပန်းကောင်းပန်သူများ” ဖြစ်ပေါ်လာမည်မှာ မလွဲပေ။ ထိုသို့သော သားသမီးများ၊ တပည့်များ ဖြစ်ပေါ်လာစေရန်အတွက် အခြေခံပညာကျောင်း တိုင်းတွင် ကျောင်းသား ကျောင်းသူတို့၏ မိဘများနှင့် ကျောင်းသား ကျောင်းသူတို့၏ ဆရာ ဆရာမ များကို အချိုးညီညီ ပူးပေါင်းဖွဲ့စည်းထားသည့် “မိဘဆရာအသင်း” ရှိပေသည်။ မိဘဆရာအသင်းကို မိဘတို့၏ သားသမီးများဖြစ်ကြပြီး ဆရာ ဆရာမတို့၏ တပည့်များဖြစ်ကြသည့် “ကျောင်းသား ကျောင်းသူတို့၏ ပညာရည်မြင့်မားအောင် ပူးပေါင်းဆောင်ရွက်ရန်” ဟူသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ မိဘဆရာအသင်း၏ “မိဘဆရာ ပူးပေါင်း၊ ကလေးပညာကောင်း”ဟူသော ဆောင်ပုဒ်သည် ကျောင်းသား ကျောင်းသူများအား ပညာရည်မြင့်မားအောင် သင်ကြားလေ့ကျင့်ပေးရာတွင် မိဘနှင့် ဆရာ ဆရာမတို့က လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရမည်ကို မီးမောင်းထိုးပြ ထားခြင်းဖြစ်ပါသည်။
ဗလငါးတန်ကို ဖြည့်တင်းပေး
မိဘနှင့် ဆရာ ဆရာမတို့၏ ပူးပေါင်းဆောင်ရွက်မှုအင်အားသည် ကျောင်းနေအရွယ်ကလေးများအား “ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ” တည်းဟူသော ဗလငါးတန်ကို ဖြည့်တင်း ပေးနေခြင်းဖြစ်သည်။ “အခြေခံပညာကျောင်း”များ သည် “ပညာအခြေခံကောင်း”များကိုသာမက ဗလငါးတန် အခြေခံကောင်းများကိုပါ သင်ကြား လေ့ကျင့်ပေးနေခြင်းဖြစ်ပါသည်။ မိဘနှင့် ဆရာ ဆရာမများ ပူးပေါင်းလက်တွဲမှု အားကောင်းလေလေ ရင်သွေးရတနာတို့၏ ဗလငါးတန်ဖွံ့ဖြိုးမှု အားကောင်း လေလေဖြစ်မည်ကို သတိမူအပ်ပေသည်။
ယနေ့မျက်မှောက်ကာလတွင် တိုင်းတစ်ပါးများမှ ကူးစက်လာသည့် မတူညီသောယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ၊ စရိုက်လက္ခဏာများ ဝင်လာနေသည်။ မိမိတို့ မြန်မာ့ရိုးရာ စရိုက် လက္ခဏာများနှင့် သွေဖည်ဆန့်ကျင်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ၊ စရိုက်လက္ခဏာ များဖြစ်ပါသည်။ ထိုစရိုက်လက္ခဏာများ ထိုးဖောက် ဝင်ရောက်လာမှုကြောင့် အချို့က အမျိုးသားရေး စိတ်ဓာတ် ကိုယ်ခံအားနည်းလာကြသည်။ အချို့ အနည်းငယ်သော အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားနည်းသူများကြောင့် လူကြီးနှင့် လူငယ်ဆက်ဆံရေး၊ မိဘနှင့် သားသမီးဆက်ဆံရေး၊ မိဘ နှင့် ဆရာ ဆရာမ ဆက်ဆံရေး၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူဆက်ဆံရေးက လက်ပွန်း တတီးဖြစ်ရမည့်အစား မလိုလားအပ်သည့် အဖုအထစ်များဖြစ်လာသည်။ မိဘဆရာ ပူးပေါင်းမှု လျော့ရဲအားနည်းလာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ပါသည်။
မိဘ ဆရာ ပူးပေါင်းမှု အားမကောင်းလျှင် လူငယ်လူရွယ်တို့၏ ဘဝလမ်းကြောင်းသည် အခြေမခိုင်ဘဲ ယိမ်းယိုင်တိမ်းစောင်းသွားပေမည်။ “မျဉ်းလွတ်လျှင်ကိုင်း၊ ဆရာလွတ်လျှင်ရိုင်း” ဆိုရိုး စကားကဲ့သို့ဖြစ်ရပေသည်။ လက်ဦးဆရာဖြစ်သော မိဘနှင့် အခြေခံပညာသင်ဆရာ ဆရာမတို့၏ ဆုံးမ၊ ပဲ့ပြင်၊ သွန်သင်၊ ညွှန်ပြသည်များကို မနာယူ၊ မနာခံ၊ မလိုက်နာကြသော တပည့်များသည် ဆရာလွတ် နေကြသူများဖြစ်ပေသည်။ ထိုသူများသည် အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်ကို ခွဲခြားမသိမြင်နိုင်ကြပေ။ မနှစ်မြို့စရာအမူအကျင့်များကို ခုံမင်ကာ မိုက်မဲရိုင်းစိုင်းသူများ ဖြစ်လာကြသည်။
အခြေခံပညာကျောင်းများသည် “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့် ဆောင်ပုဒ် အတိုင်း အမိနိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသား အရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရမည် ဖြစ်ပေသည်။ ယနေ့ကျွန်တော်တို့နိုင်ငံတွင် ဖြစ်ပွား လျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေး အားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့မြင်ကြရမည်ဖြစ်ပေသည်။ အတန်းပညာ တတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ် များကို လုပ်ဆောင်လာကြခြင်းဖြစ်ပါသည်။ ထိုအကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒေသခံနှင့် ဒေသခံ များ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာပါသည်။
မိဘတို့၏အားကိုယူကာ ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းစုံညီခန်းမ၌ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ “ဆရာ ဆရာမများအနေဖြင့် မိမိတို့ သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်း အဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ အနာဂတ် တိုင်းပြည်အတွက် စိတ်ဓာတ် စည်းကမ်းကောင်းမွန် သည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ဆရာ ဆရာမများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံး ပညာရည်မြင့်မားရေး အတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း” မှာကြား ခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာ ဆရာမများအနေဖြင့် မိဘတို့၏အားကိုယူကာ ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။
“သားသမီးမကောင်း မိဘခေါင်း၊ တပည့် မကောင်း ဆရာ့ခေါင်း”ပေါ်သို့ ရောက်လာမည်ကို မိဘတိုင်း၊ ဆရာ ဆရာမတိုင်း သတိမူသင့်လှပေသည်။ မိဘနှင့် ဆရာ ဆရာမများ ပူးပေါင်းပြီး လက်တွဲညီညီ ရှေ့သို့ချီမှသာ လူငယ်မောင်မယ်တို့၏ အနာဂတ် ဘဝလမ်း ဖြောင့်တန်းနေမည်ဖြစ်ပါသည်။ လူငယ် မောင်မယ်အပေါင်းတို့၏ ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် ထိန်းကျောင်းပေးကြရမည့်သူများသည်ကား မိဘနှင့် ဆရာ ဆရာမများပင်မဟုတ် ပါလား။ ။


