နေပြည်တော် ဇူလိုင် ၂၂

 

အင်းစိန်မြို့နယ်၌ ငွေကျပ် ၄၈ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို ပင်လယ်ရေကြောင်း အသုံးပြုသယ်ဆောင်ရောင်းဝယ်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၂ ရက် ည ၆ နာရီခွဲတွင် အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက်ရှိ သိန်းဝင်းထွန်းနှင့် ထွန်းထွန်းလင်း (ခ) ကိုထွန်းတို့ ငှားရမ်းထားသည့် နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဇော်ဇော်လွင်အား အိုက်စ် (မက်သ်အဖက်တမင်း) ၁၈၇၅ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၄၆ ဒသမ ၈၇၅ ဘီလီယံ)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆ ဘီလီယံ) နှင့် TOYOTA DYNA မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ကွင်းဆက် ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိစိတ်ပြောင်းဆေးဝါးများကို လွှဲပြောင်းပေးအပ်ခဲ့သူ နေမျိုးကျော်အား ည ၇ နာရီတွင် လှိုင်မြို့နယ် (၁၆) ရပ်ကွက် ပါရမီလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇူလိုင် ၁၅ ရက်တွင် စိတ်ပြောင်းဆေးဝါးများ တာဝန်ခံသယ်ဆောင်သူ ကြည်ဖြူ (ခ) ကျော်ဝင်းဌေးနှင့် ဇော်မင်းနိုင်တို့မှာ ထားဝယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဝေါမြို့နယ် ညောင်ခါးရှည် ကျေးရွာအနီးတွင် KLUGER မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကြည်ဖြူ (ခ) ကျော်ဝင်းဌေးမှာ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ပြီး ယင်းနေ့ ညနေ ၄ နာရီခွဲတွင် စိတ်ပြောင်းဆေးဝါးများကို ပင်လယ်ရေကြောင်းဖြင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်သူ စိုးလင်းပိုင် (ခ) လင်းလင်းအား ပြည်မြို့ နဝဒေးတံတားတွင်လည်းကောင်း၊ ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြစ်ဝမှ မလေးရှားရေပိုင်နက်သို့ ပို့ဆောင်သူ စက်လှေပိုင်ရှင် ရဲထွန်း (ခ) ပဲ့နင်း (ခ) ဖိုးသာဂိအား ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ရဲထွန်းမှာလည်း မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီခွဲတွင် စိတ်ပြောင်းဆေးဝါးများကို ရန်ကုန်မြစ်ဝသို့ တာဝန်ခံသယ်ဆောင်ပေးသူ အောင်ရတနာစက်လှေပိုင်ရှင် သိန်းသန်းဌေး (ခ) ဇော်ဇော်အောင် (ခ) ငဌေးနှင့် ကျော်စွာမင်း (ခ) မင်းမင်း၊ မျိုးထွန်း (ခ) ကိုထွန်းတို့အား မင်္ဂလာဒုံ မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများကို ဘောစိ (ခ) ပန်းသီး (ခ) အုံနာမှ သိန်းဝင်းထွန်းနှင့် ထွန်းထွန်းဝင်း (ခ) ကိုထွန်းတို့အား နေအိမ်ငှားရမ်း၍ သိမ်းဆည်းခိုင်းခြင်းဖြစ်ကြောင်း၊ မလေးရှားရေပိုင်နက်သို့ အဓိကသယ်ဆောင်ရောင်းဝယ်သူမှာ ကိုစိုင်းနှင့် မောင်မောင်တို့ဖြစ်ပြီး ကြည်ဖြူ (ခ) ကျော်ဝင်းဌေးနှင့် ၎င်း၏ တပည့်ဖြစ်သူ အောင်ဖြိုး (ခ) အောင်ဖြိုးနိုင် (ခ) ကိုမျိုးတို့သည် ရန်ကုန်မြို့မှ ပင်လယ်ဝသို့ လည်းကောင်း၊ ပင်လယ်ဝမှတစ်ဆင့် မလေးရှားရေပိုင်နက်သို့လည်းကောင်း သယ်ဆောင်ရန် စီမံခန့်ခွဲသူဖြစ်ကြောင်း၊ ရန်ကုန်မှတစ်ဆင့် ပင်လယ်ဝသို့ စိတ်ပြောင်းဆေးဝါးများကို မော်တော်ယာဉ်၊ စက်လှေတို့ဖြင့် တာဝန်ခံသယ်ဆောင်သူမှာ သိန်းသန်းဌေး (ခ) ဇော်ဇော်အောင် (ခ) ငဌေးဖြစ်ကြောင်း၊ ရန်ကုန်မြစ်ဝမှတစ်ဆင့် မလေးရှားရေပိုင်နက်သို့ ၎င်းပိုင်စက်လှေဖြင့် တာဝန်ခံသယ်ဆောင်သူမှာ ရဲထွန်း (ခ) ပဲ့နင်း (ခ) ဖိုးသာဂိဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကာ ယင်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့သည် ပြည်ပသို့ပင်လယ်ရေကြောင်းအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်