ဇူလိုင် ၂၃
ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း တီဘောင်ခရှ်မမ်ပြည်နယ်မှ အသက်ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း အတည်ပြုချက်ထွက်ပေါ်လာသဖြင့် ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူ ၁၃ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားကျန်းမာရေးအင်စတီကျုမှဓါတ်ခွဲစစ်ဆေးချက်အရ ထိုကလေးငယ်သည် H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကလေးငယ်တွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် အသက်ရှူကျပ်ခြင်း စသည့် လက္ခဏာများ တွေ့ရှိရပြီး လတ်တစ်လောတွင် ဆရာဝန်အဖွဲ့တစ်ဖွဲ့က ကုသပေးလျက်ရှိကြောင်း ထပ်လောင်း ဖော်ပြထားသည်။
စုံစမ်းမေးမြန်းချက်များအရ ကလေးငယ်၏ဆွေမျိုးများနေအိမ်တွင် ကြက်အကောင်ရေ ၁၀၀ ခန့် သေဆုံးခဲ့ရာ ၎င်းကလေးငယ်က ကြက်အသေတစ်ကောင်ကိုယူလာပြီးအဖွားဖြစ်သူအား ချက်ပြုတ်စားရန်ပေးခဲ့သည်ဟု သိရသည်။
ကျန်းမာရေးအာဏာပိုင်များက ရပ်ရွာအတွင်း ယင်းရောဂါဖြစ်ပွားမှုကိုကာကွယ်ရန်အလို့ငှာ ကလေးငယ်နှင့် ထိတွေ့မှုရှိသူများ သို့မဟုတ် သံသယရှိသူများကို စစ်ဆေးလျက်ရှိပြီး ရောဂါဖြစ်ပွားရခြင်းအရင်းအမြစ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ရောဂါဖြစ်ပွားမှုမှကာကွယ်ရန် ဗိုင်းရပ်စ်ချေဖျက်ဆေးဝါး Tamiflu (oseltamivir) ကို ကလေးငယ်နှင့် တိုက်ရိုက်ထိတွေ့မှုရှိသူများထံသို့လည်း ဖြန့်ဝေပေးခဲ့ကြောင်း ဖော်ပြထားသည်။
ယခုနှစ်လက်ရှိအချိန်အထိ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃ ဦးရှိပြီး သေဆုံးသူ ငါးဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


