နေပြည်တော်  ၁၂   မတ် 

 

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၇၈)တွဲကို ယူရိုငွေ စုစုပေါင်း ၁ ဒသမ ဝ၂၉ သန်းဖြင့် တင်ဒါအောင် မြင်သွားကြောင်း သိရသည်။ 

 

ယနေ့ကျင်းပသည့် ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၈၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ပုလဲအတွဲ(၁၇၈)တွဲ တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရောင်းချရာတွင် နိုင်ငံတော်ပိုင် ပုလဲ ၁၃၂ တွဲ တင်ပြခဲ့ရာ ၁၃၂ တွဲလုံး ရောင်းချခဲ့ရပြီး ယူရိုငွေ ၇၁၉၇၉၄ ရရှိခဲ့ကြောင်းနှင့် ကုမ္ပဏီပိုင် ပုလဲအတွဲ ၅၀ တွင် ၄၆ တွဲ ရောင်းချခဲ့ရပြီး ယူရိုငွေ ၃၀၉၄၂၂ ရရှိခဲ့ကြောင်း ပုလဲလုပ်ငန်းကော်မတီ အတွင်းရေးမှူး လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်မြမြဝင်းက ပြောသည်။

 

မြန်မာ့ပုလဲသည် ပြည်တွင်းပြည်ပ ပြပွဲများကတစ်ဆင့် လူသိများလာခဲ့ပြီး ဈေးကွက်ဝေစု ကြီးထွားလာနေပြီဖြစ်ကြောင်း၊ ကမ္ဘာ့ပုလဲဈေးကွက်တွင် တောင်ပင်လယ်ပုလဲသည် အရှားပါးဆုံးနှင့် တန်ဖိုးအရှိဆုံးဖြစ်ပြီး ရွှေရောင်နှင့် ငွေရောင်ရှိသည့် အနက် မြန်မာနိုင်ငံက ထွက်ရှိသည့် ရွှေရောင်ပုလဲသည် အရည်အသွေး ကောင်းရုံသာမက ရေရှည်ခိုင်မာသည့်အတွက် ကမ္ဘာ့ဈေးကွက်တွင် လူကြိုက်များလာပြီ ဖြစ်ကြောင်း၊ မြန်မာ့ပုလဲထုတ်လုပ်မှုများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစု ဧရိယာတစ်ဝိုက်တွင် မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ရန် တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့မှ ပြည်ပ ရတနာကုန်သည်စုစုပေါင်း ၂၄၀ဝ ကျော်နှင့် ပြည်တွင်းရတနာကုန်သည် ၁၀ဝ၀ ကျော် တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ယနေ့ ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက်ကြ၍ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများအား စိတ်ကြိုက်ရွေးချယ်၍ ဈေးနှုန်းအဆိုပြုလွှာများ တင်သွင်းကြသည်။

 

(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ် ၁၁ ရက် မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲကာလအတွင်း  ကျောက်စိမ်းအတွဲ ၆၉၇၄ တွဲ၊ ကျောက်မျက်အတွဲ ၅၀ဝ နှင့် ပုလဲအတွဲ ၂၇၄ တွဲ တို့ကို ပြသရောင်းချပေးမည်ဖြစ် ကြောင်းသိရသည်။ 

 

ကျော်သူထက်၊ ဓာတ်ပုံ-အေးသန်း(သတင်းစဉ်)

 

KAT_1224
 

KAT_1225

 

KAT_1309