ရန်ကုန် ၁၂ မတ်
ချင်းပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုများပိုမိုဝင်ရောက်လာ စေရန် ရည်ရွယ်ပြီး ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (Chin State Investment and Products Fair 2019 )ကို မတ် ၁၆ မှ ၁၇ ရက်အထိ ၂ ရက်တိုင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်မှာရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
"ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ ရန်ကုန်မှာလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကချင်းမှာလုပ်ရင် ခရီးဝေးတဲ့အခါကျတော့ ရန်ကုန်မှာ လုပ်တာလောက် လူများများမလာနိုင်ဘူး။ ရန်ကုန်မှာကျင်းပခြင်းအားဖြင့် တက်ရောက်နိုင်တဲ့ လူဦးရေ များမယ်၊ လူဦးရေများတဲ့ အတွက်ကြောင့် ချင်းပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို များများပြန်ပြီးဖြန့်ဝေနိုင်မယ်။ ဒီလိုမျိုး ရည်ရွယ်ချက်နဲ့ ရန်ကုန်မှာ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်မာလာမျိုးညွန့်က ပြောသည်။
ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲတွင် ပြည်နယ်အတွင်း ရင်းနီးမြှုပ်နှံမှု မြင့်တင်နိုင်ရန် မြန်မာနိုင်ငံရင်းနီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည်နယ်အတွင်းရှိ ရင်းနီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား ဆွေးနွေးသွား မည်ဖြစ်ကြောင်း ချင်းပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
"သက်ဆိုင်ရာဝန်ကြီးဌာနတွေက ညွန်ကြားရေးမှူးချုပ်တွေက မူဝါဒပိုင်းဆိုင်ရာ တွေ ဆွေးနွေးသွားမယ်။ ချင်းပြည်နယ်ဝန်ကြီးချုပ်ကလည်း ချင်းပြည်နယ်ရဲ့ အလား လာကောင်းတဲ့ အခွင့်အလမ်းတွေကို ဖိတ်ခေါ်ရင်း ဆွေးနွေးသွားမယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေနဲ့ ဒေသခံတွေ၊ ချင်းပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တု၊ လျှပ်စစ်၊ဟိုတယ် ခရီးသွားလုပ်ငန်း ကဏ္ဍတွေ ဆွေးနွေးမှာ ဖြစ်ပါတယ် ’’ ဟု ချင်းပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ပြပွဲတွင် ပြခန်းပေါင်း ၆၀ ကျော် ပါဝင်ပြသသွားမည်ဖြစ်ပြီး ချင်းပြည်နယ်ရှိ ဌာနဆိုင်ရာ ပြခန်းများ၊ ဝန်ကြီးဌာနပြခန်းများ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုအသင်းပြခန်း၊ ချင်းပြည်နယ်ကော်ဖီအသင်းပြခန်း၊ မြန်မာနိုင်ငံသစ်သီဝလံ ပန်းမန်အသင်းပြခန်နှင့် ကုမ္ပဏီပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်သည်။
" ပြခန်းတွေမှာ ဒေသထွက်ကုန်တွေပါမယ်။ ဝဥပါမယ်။ဝဥဆို ချင်းပြည်နယ်မှာ စိုက်တယ်။ မစားဘူးကြဖူး။ ဝဥကို အမျိုးမျိုးလုပ်စားလို့ရတယ်ဆိုတာ ပြသွားမယ်။ ချင်းပြည်နယ်ထွက် စပျစ်ဝိုင်၊ တောင်ဇလပ်ပန်းကို ဝိုင်လုပ်ထားတာတွေ ဒေသထွက် ခေါင်ရည်တွေ ယူလာပြီး ပြသသွားမယ်။ ချင်းရိုးရာအထည်တွေ ရက်ကန်းတွေ ဂျတ်ခုတ်တွေကအစ ပြသသွားမယ် ’’ ဟု ချင်းပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
နိုင်ငံတော်ကချင်းပြည်နယ်တွင် ဦးစားပေးမြှင့်တင်ထားသည့် ကဏ္ဍများတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြုပ်နှံပါက ဝင်ငွေခွန်ကင်း လွတ်ခွင့် (၇)နှစ်ခံစား ခွင့်ရရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲကိုမြန်မာနိုင်ငံ ရင်းနီးမြှုပ်နှံ မှုကော်မရှင်၊ ရင်းနီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ်ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CSCCI)၊ ဓန Facility နှင့် VDB Loi Company Limited တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)


