ဂျူးဘား ဇူလိုင် ၂၃
ရန်ပုံငွေအမြန်ဆုံးမရရှိပါက စက်တင်ဘာလတွင် တောင်ဆူဒန်နိုင်ငံသို့ စားရေရိက္ခာထောက်ပံ့ ကူညီမှုဖြတ်တောက်ခံရနိုင်ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (ဒဗလျူအက်ဖ်ပီ) က ပြောကြားလိုက်သည်။
ဒဗလျူအက်ဖ်ပီ၏ ထုတ်ပြန်ချက်အရ ရန်ပုံငွေလိုအပ်ချက် အလွန်အမင်းမြင့်မားနေသောကြောင့် နိုင်ငံတစ်ဝန်း စားရေရိက္ခာ အရေးပေါ်လိုအပ်နေသူ ၂ ဒသမ ၅ သန်းခန့်ကိုသာ ထောက်ပံ့ကူညီပေးနိုင်တော့မည်ဖြစ်သည်။
နောက်ထပ်ရန်ပုံငွေများ အမြန်ဆုံးမရရှိပါက စက်တင်ဘာလတွင် စားရေရိက္ခာထောက်ပံ့မှုနှင့် ပံ့ပိုးကူညီမှုများ ထပ်မံလျှော့ချရမှုကြုံတွေ့ရလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ဒဗလျူအက်ဖ်ပီက နှစ်ကုန်အထိ အရေးပေါ်စားရေရိက္ခာလိုအပ်နေသူ ၂ ဒသမ ၅ သန်းအတွက် ဆက်လက်ထောက်ပံ့ပေးရန် အမေရိကန်ဒေါ်လာ ၂၇၄ သန်း အရေးတကြီး လိုအပ်ကြောင်း ပြောကြားပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လူပေါင်း ၇ ဒသမ ၇ သန်းခန့် သို့မဟုတ် နိုင်ငံ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းမှာ ငတ်မွတ်ခေါင်းပါးသည့် အခြေအနေနှင့်ရင်ဆိုင်နေကြရပြီး ကလေးငယ်ပေါင်း ၂ ဒသမ ၃ သန်းမှာ မကြုံစဖူး အာဟာရချို့တဲ့မှုအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ဒဗလျူအက်ဖ်ပီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ


