ရန်ကုန် ဇူလိုင် ၂၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့(အမျိုးသား)ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်ပြီးဆုံးသည်အထိ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ရရှိခဲ့ပြီး အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားရာတွင် အလားတူဖြစ်နေသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကချင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ခုနစ်ဂိုး-ငါးဂိုးဖြင့်လည်းကောင်း၊ သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း) ၌ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ရရှိခဲ့ပြီး အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အကြိတ်အနယ်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။
ဇူလိုင် ၂၄ ရက်တွင် ပြိုင်ပွဲတစ်ရက် နားမည်ဖြစ်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဇူလိုင် ၂၅ ရက် မွန်းလွဲ ၃ နာရီတွင် သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ ၄ နာရီတွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကချင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ ဘောလုံးအားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


