မန္တလေး  ၁၂   မတ် 

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး ဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော အမေရိကန် စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသည့် ရုပ်ကြွင်းများကို  ယနေ့ ညနေ ၅ နာရီက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဂုဏ်ပြုအခမ်းအနား ကျင်းပ၍ အမေရိကန် လေတပ် မှ  C17 အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

 

1

 

အဆိုပါ ရုပ်ကြွင်းများ ရှာဖွေခြင်းကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေ မှတ်တမ်းတင်ရေးအေဂျင်စီ (ဒီပီအေအေ) ၏ အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာတွင် ၂၀ဝ၃-၂၀ဝ၄ ခုနှစ်တွင် ရှာဖွေရေးအစီအစဉ် သုံးကြိမ်၊ ၂၀၁၃ ခုနှင့် ၂၀၁၉ ခုနှစ်တွင် ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါရှာဖွေမှုများမှ စစ်သည် ၁၄ ဦး၏ ရှာဖွေတွေ့ရှိခဲ့ပြီး ယခုတွေ့ရှိသည့် ယင်းရုပ်ကြွင်းများကို အမေရိကန် ဟာဝိုင်အီရှိ ဒီပီအေအေ၏ ဓာတ်ခွဲခန်းသို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

2

 

" လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က ကျွန်တော်တို့ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေလို့ ဖြစ်နိုင်ခြေရှိတဲ့ ရုပ်ကြွင်းတွေကို ဒီကနေ့ ကျွန်တော်တို့ ပြန်လည်သယ်ယူပို့ဆောင်ခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ အကြောင်းတွေကို ထာဝရအမှတ်တရဂုဏ်ပြုနေဖို့ သူတို့စွန့်လွှတ်အနစ်နာခံမှုတွေကို ဘယ်တော့မှ မမေ့ မလျော့ဖို့နဲ့ ငြိမ်းချမ်း၊ တရားမျှတမှုရှိပြီး နေရာတိုင်းမှာ လွတ်လပ်မှုရှိတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ဆောက်ကြိုးပမ်းအားထုတ်ရေးအတွက် သူတို့ကို ပေးဆပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်။ ဒီရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်ပေးတဲ့ မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုက လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ပါတယ်" ဟု အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် က ပြောကြားသည်။

 

3

 

အဆိုပါရုပ်ကြွင်းများသည် ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပျောက်ဆုံး ခဲ့သော စစ်သည် ခုနစ်ဦး လိုက်ပါသွားသည့် ဘီ- ၂၅ ဂျီ လေယာဉ်နှင့် ဆက်စပ် နေမည်ဟု ယူဆရကြောင်းကို ၁၉၄၆ ခုနှစ်က အပျက်အစီးအပိုင်းအစ နေရာစုံစမ်း စစ်ဆေးမှုတစ်ရပ်က ညွှန်ပြခဲ့သော်လည်း ပျက်ကျခဲ့သည့် နေရာကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်