နေပြည်တော် ၁၂ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ JICA ODA Loan ဖြင့် ဆောင်ရွက်လျက်ရှိသော ပဲခူးမြစ်ကူး တံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေး စီမံကိန်းနှင့် အရှေ့-အနောက် စီးပွားရေး စင်္ကြန်လမ်းမကြီး ပေါ်ရှိ တံတား(၃) စင်းအဆင့်မြှင့် တည်ဆောက်ခြင်း စီမံကိန်း၏ Package-1 ဖြစ်သောဂျိုင်း (ကော့ကရိတ်) တံတားတည်ဆောက်ရေးစီမံကိန်းKorea EDCF Loan ဖြင့်ဆောင်ရွက်လျက်ရှိသော ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ) တံတား တည်ဆောက်ရေးလုပ်ငန်းအတွက် ကန်ထရိုက် စာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး JICA Myanmar Office မှ Senior Representative Mr.Kotaro Nishigata က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃)တည်ဆောက်ရေး စီမံကိန်း၊ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတားနှင့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ) တံတားတို့နှင့် စပ်လျဉ်းပြီး တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ပြည်ထောင်စု ဝန်ကြီး၏ ရှေ့မှောက်တွင် စာချုပ်များကို လက်မှတ်ရေးထိုးလဲလှယ်ကြသည်။
တံတားဦးစီးဌာနမှ နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများဖြစ်သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေး စီမံကိန်းအား JICA ODA ချေးငွေဂျပန်ယန်း ၃၁၀၅၁ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၇ခုနှစ် မတ် ၁ ရက်တွင် Loan Agreement လက်မှတ်ရေးထိုးခဲ့ပြီး JV of Nipppon Koei Co.,Ltdနှင့် Consultant Contract အား ၂၀၁၇ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
တည်ဆောက်ရေးလုပ်ငန်း Package -1 & 2 အတွက် Sumitomo Mitsui Construction Co.,Ltd and Yokogawa Bridge Corporation JV နှင့်လည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်း Package – 3 အတွက် Tokyu Construction Co.,Ltd နှင့် လည်းကောင်း ဆောင်ရွက်ရန် Contract Agreement အားယနေ့တွင် လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး တည်ဆောက်ရေး ကာလအနေဖြင့် Package – 1 & 2 အတွက် (၃၂) လ နှင့် Package (3) အတွက် (၂၄) လ ကြာမြင့်မည် ဖြစ်သည်။
အရှေ့-အနောက် စင်္ကြံလမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်) တံတားနှင့် အတ္ထရံတံတား တည်ဆောက်ခြင်း စီမံကိန်းအား JICA ODA ချေးငွေ ဂျပန်ယန်း ၃၃၈၆၉ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် Loan Agreement လက်မှတ် ရေးထိုးခဲ့သည်။ JV of Central Consultant Incနှင့် Consultant Contract အား ၂၀၁၇ ခုနှစ် မတ် ၆ ရက်တွင် လက်မှတ်ရေးထိုးပြီး Package – 1 ဖြစ်သောဂျိုင်း (ကော့ကရိတ်) တံတား၏ တည်ဆောက်ရေး အတွက် Hazama Ando and P.S Mitsubishi Construction Co.,LtdJVနှင့် Contract Agreement အားယနေ့တွင် လက်မှတ်ရေးထိုး၍ (၂၇)လကြာ တည်ဆောက်မည်ဖြစ်သည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းအား Korea EDCF ချေးငွေ USD ၁၃၇ဒသမ၈၃၃ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၅ခုနှစ် နို၀င်ဘာ ၁၆ ရက်တွင် Loan Agreement လက်မှတ် ရေးထိုးရန် JV of Soosung Engineering Co.,Ltdနှင့် Consultant Contract အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုးကာ တံတားတည်ဆောက်ရေး လုပ်ငန်းအတွက် G.S Engineering & Construction Corp. နှင့် Contract Agreement အား ယနေ့တွင် လက်မှတ်ရေးထိုးပြီး (၃၉) လ ကြာတည်ဆောက်မည် ဖြစ်သည်။
(သတင်းစဉ်)


