ဇူလိုင် ၂၅

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်အနီးတွင် ယမန်နေ့က ဒေသစံတော်ချိန် ည ၉ နာရီအချိန်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ထိုင်းဘက်ခြမ်းတွင် ၁၄ ဦးသေဆုံးပြီး အခြား ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ကမ္ဘောဒီးယားက ၎င်းတို့၏သေဆုံးမှုနှင့်ပတ်သက်ပြီး ယမန်နေ့ကညနေပိုင်းအထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

ယမန်နေ့မနက်ပိုင်းကတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး အခြေအနေပြင်းထန်လာသည်ဟု သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ထိုကိစ္စကိုဆွေးနွေးပေးဖို့ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို