ပြင်ဦးလွင် ဇူလိုင် ၂၅

 

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၃၀၀ ခန့် တက်ရောက်ကြသည်။

 

ဦးစွာ ပြင်ဦးလွင်မြို့ အထက (၁) မှ ကျောင်းသူလေးများက “မင်္ဂလာပါ သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ် နှင့် အနာဂတ်ကို ပိုင်စိုးသူလူငယ်များ Video Clip နှစ်ခုကို ဖွင့်လှစ်ပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် ပြင်ဦးလွင်မြို့နယ်အနေဖြင့် မူလအနေအထားအတိုင်း ရရှိနေပြီးဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့် ပုံစံဖြင့် စာနာဖေးမမှုများနှင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရန်၊ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပ​ရေး စီမံနေမှုများအပေါ်တွင်လည်း ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့်ဒီမိုကရေစီစနစ် ထွန်းကားလာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ​ဆွေး​နွေးပြောကြားသည်။

 

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအား MRTV DTH ၁၀ စုံနှင့် MRTV DVB T2 Set Top Box အစုံ ၂၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

 

ယင်းနောက် ပြင်ဦးလွင်မြို့ရှိ “လင်းလက် ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပန်းကမ္ဘာမျှော်စင် တေးသီချင်းဖြင့် သီဆိုကပြပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့၏ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုအရ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေအနားယူ လည်ပတ်လျက်ရှိသည့် “ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE Falls Nature Amusement Park) သို့ သွားရောက်ကြပြီး အပန်းဖြေစခန်းမှ တာဝန်ရှိသူများနှင့် လာရောက်အပန်းဖြေ လည်ပတ်နေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

အဆိုပါ အပန်းဖြေစခန်းတွင် Sky Cable Car, 5D LED မှန်တံတား၊ ဆင်ကလေးများ၏ ဖျော်ဖြေမှု အစီအစဉ်၊ ရာသီပေါ်ပန်းအလှစိုက်ခင်း၊ Photo booth များ၊ ခေတ်လွန်ယာဉ်များ၊ တောတွင်းလျှောက်လမ်းနှင့် ကြိုးတံတား၊ Jumping Cloud၊ ခေတ်မီကစားကွင်း၊ ချားရဟတ်၊ Unplugged တီးဝိုင်း၊ ဘာဂီ၊ အလှမြင်းရထားလုံးများ၊ အဆင့်မြင့်စားသောက်ဆိုင်များ၊ ဒေသထွက်ဖျော်ရည်နှင့် အစားအစာများ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များဖြင့် ဝန်ဆောင်မှုပေးထားသည့်အပြင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကစားနည်းများဖြစ်သည့် Family Coaster ၊ Bumper Car ၊ Tea Cup နှင့် Merry Go Round တို့ကို ယခုနှစ် ဧပြီလတွင် ထပ်မံတိုးချဲ့ ထည့်သွင်းဆောင်ရွက်ထားပြီး ဒိုင်နိုဆောများ၊ သဘာဝရုပ်ကြွင်းပြကွက်တို့ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူ အပန်းပြေစေရေးအတွက် အသေးစိတ် စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သတင်းစဉ်