ရန်ကုန် ဇူလိုင် ၂၅

 

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး လှေလှော်အားကစားနည်း (၃) နည်း၏ လေ့ကျင့်မှုရရှိစံချိန်နှင့် ယှဉ်ပြိုင်ခဲ့သည့် ဆီးဂိမ်းစံချိန် နှိုင်းယှဉ်စံချိန်ဇယားကိုလည်းကောင်း၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ စနစ်တကျဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိရေးအတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်းလှေ၊ ရိုးရာလှေ၊ ကနူး/ ကယက်လှေ အားကစားနည်းမှ ပဏာမ လက်ရွေးစင်လှေလှော်အားကစားသမားများ စံချိန်ယူလေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ အဖွဲ့ချုပ်အတွင်းရေးမှူးနှင့် နည်းပြများကိုတွေ့ဆုံ၍ နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့ပေးသည့် မြန်မာလှေလှော်အားကစားအဖွဲ့အား များစွာဂုဏ်ယူပါကြောင်း၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် အားကစားသမားများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ဆောင်ရွက်သွားပါက အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စားရိပ်သာတွင် ပဏာမလက်ရွေးစင် လှေလှော်အားကစားသမားများ နေ့လယ်စာစားသုံးနေမှုနှင့် လှေရုံရှိလှေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် တာမွေမြို့နယ်ကျိုက္ကဆံအားကစား ကွင်းအတွင်းရှိ အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများကို သွားရောက်ကြည့်ရှုပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ သင်ကြားရေးအပိုင်း၊ လေ့လာဆည်းပူးမှုအပိုင်း၊ Grade - 12 အောင်မြင်မှုအခြေအနေ၊ သင်ထောက်ကူပြုပစ္စည်းများ၊ စာအုပ်စာတမ်းများ၊ သွားလာနေထိုင်ရေးကိစ္စရပ်များ၊ အခြားလိုအပ်ချက်များ၊ လူငယ်ပိုင်းဆိုင်ရာ နိုင်ငံခြားလေ့လာရေးခရီးစဉ်များသို့ သွားရောက်လေ့လာနိုင်ရေး ကိစ္စရပ်များကို မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဏာမလက်ရွေးစင်အားကစားသမားများအတွက် ပြောင်းရွှေ့ဖွင့်လှစ်ကုသပေးနေသည့် အားကစားဆေးဘက်ဌာနခွဲ ဆေးခန်းသို့ရောက်ရှိ၍ အားကစားဆေးပညာအရ ဆောင်ရွက်ပေးနေမှုများ၊ အရေးပေါ်ကုသမှုဆိုင်ရာများ၊ အရိုးအကြောကုသမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏပတ္တမြားခန်းမ၌ မြန်မာနိုင်ငံပန်ကြပ်ဆီလပ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှု ဆုတံဆိပ်များ ရရှိရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဗိုလ်လုပွဲစဉ် ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ကရင်ပြည်နယ်အသင်းက ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများပေးအပ်ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းကို ငွေသားဆုနှင့် အမျိုးသားတံခွန် စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်