နေပြည်တော် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းအပ်လက်ခံခြင်းကို ဇူလိုင် ၂၂ ရက်မှ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နောင်ချိုမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းစတင်ဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၈၅၇ ဦး စတင်တက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်းသပ်ရပ်စွာနှင့် လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်သားများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးထားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တပ်မတော်မှ ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံ တိုင်းရင်းသားပြည်သူ ၁၄၅ ဦးတို့ကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးကြသည်။
နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



