မန္တလေး ဇူလိုင် ၂၇

 

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ Y - Man-dalay Hotel ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး ပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊  ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းနှင့် လူမှုရေး အသင်းအဖွဲ့များမှ လူငယ်များ၊ မန္တလေးမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ ကျောင်းများမှ ပါ​မောက္ခချုပ်/ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၄၀၀ ခန့် တက်ရောက်ကြသည်။

 

သီဆိုကပြဖျော်ဖြေ

ဦးစွာ မန္တလေးမြို့ အမှတ်(၁၄) အ​ခြေခံပညာ အထက်တန်း​ကျောင်းမှ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်း ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှထုတ်လုပ်သည့် “ ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ်” နှင့် “ အနာဂတ်ကို ပိုင်စိုးသူ လူငယ်များ” Video Clip နှစ်ခုကို ဖွင့်လှစ်ပြသသည်။

 

ဝိုင်းဝန်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးရာတွင် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် မန္တလေးမြို့အနေဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိနေပြီဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊  သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများ ဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့်ပုံစံဖြင့် စာနာ ဖေးမမှုများဖြင့် ရိုင်းပင်းကူညီဆောင်ရွက် ကြရန်၊ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပ​ရေး စီမံဆောင်ရွက်နေမှုများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှု အသိုက်အဝန်းဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကား ပေါ်ပေါက်လာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဆွေး​နွေးပြောကြားသည်။

 

လွှဲပြောင်းပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွက် MRTV DTH အစုံ ၅၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၁၅၀ တို့ကို လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက လက်ခံရယူသည်။

 

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ် များ၊ ကျောင်းသား ကျောင်းသူများ အတွက် MRTV DTH အစုံ ၂၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၄၀ တို့အား ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

 

ယင်းနောက် မန္တလေးမြို့ အမှတ် (၁၄) အ​ခြေခံပညာအထက်တန်း​ကျောင်း မှ ကျောင်းသား ကျောင်းသူများက “အောင်မြင်ပါစေ မြန်မာပြည်” တေးသီချင်း ဖြင့် သီဆိုကပြပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်း ဆောင်တွင် Myanmar Land & Develop-ment Limited ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါ အနုပညာဗဟိုဌာန(မန္တလေး)တည်ဆောက်ရေးလုပ်ငန်းကိုMyanmar Land & Development Limited က ၂၀၂၅ခုနှစ် မတ်လမှစတင်၍ဆောင်ရွက်ခဲ့ရာ အဆောက်အအုံနှင့် ဆောက်လုပ်ရေး ဧရိယာအတွင်း ချုံနွယ်များရှင်းလင်းရေးအပါအဝင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆောက်အအုံသံတိုင် များ သန့်ရှင်းရေးပြုလုပ်ပြီး ဆီဆေး သုတ်ခြင်း၊ အဆောက်အအုံသုံးထပ်တွင် ကြမ်းခင်းများပြုပြင်ခြင်း၊ RC Wall များ တွင် အက်ကြောင်းများပြုပြင်၍ အချောကိုင်ခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်း အရှည် ​ပေ ၂၀၇၀ ဆောက်လုပ်ခြင်း၊ ဂါလန် ၃၀၀၀၀ ဆံ့ မြေအောက်ရေကန် နှစ်လုံးတည်ဆောက်ခြင်း၊ ရှစ်လက်မမြေအောက် ရေတွင်းနှစ်ခု တူး​ဖော်ခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအခါ ၁၂၅၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့်  ၃၃ ကေဗွီလိုင်း သွယ်တန်းခြင်းကို  ဆောင်ရွက်လျက်ရှိသည်။

 

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့သည်။ 

 

သတင်းစဉ်