ဇူလိုင် ၂၈
နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း နိုင်ဂျာပြည်နယ်တွင် သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း ၁၃ လောင်းထက်မနည်းရှာဖွေတွေ့ရှိခဲ့ပြီး လူဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအရေးပေါ် ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ကပြောကြားခဲ့သည်။
သင်္ဘောပေါ်တွင် ခရီးသည်များ၊ အဓိကအားဖြင့် ကုန်သည်များနှင့် လယ်ယာထွက်ကုန်များကို တင်ဆောင်ကာ ရှီယိုယိုဒေသ Kwata-Zumba ရှိအပတ်စဉ် စျေးကွက်သို့ ပို့ဆောင်စဉ် ယမန်နေ့က တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နိုင်ဂျာပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီအကြီးအကဲက သတင်းထောက်များကို ပြောကြားသည်။
သင်္ဘောမာလိန်မှူးအပါအဝင် လူ ၃ ဦးထက်မနည်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ သင်္ဘောပေါ်တွင်ပါရှိသော ခရီးသည်အရေအတွက်အတိအကျကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း အာရတ်က ပြောကြားပါသည်။
ဒေသခံရေငုပ်သမားများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ကယ်ဆယ်ရေးသမားများသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကာ ဆက်လက်ရှာဖွေလျက်ရှိသည်ဟု သိရသည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် သင်္ဘောမတော်တဆမှုဖြစ်ပွားမှု များပြားကာ ဝန်ပိုတင်ခြင်းနှင့် ရာသီဉတုအခြေအနေများ ဆိုးရွားခြင်းတို့ကြောင့် မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


