ဇူလိုင် ၂၈

ဂျာမနီနိုင်ငံတောင်ပိုင်း ဘာဒန်ဝူအတ်တမ်ဘတ်ပြည်နယ်တွင် ဒေသတွင်း အမြန်ရထားတစ်စင်း ယမန်နေ့ညနေပိုင်းက လမ်းချော်မှုဖြစ်ပွားခဲ့ရာ လူ သုံးဦး သေဆုံးပြီး အခြားအများအပြား ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားသည်။

ရထားတွဲနှစ်စီးသည် သံလမ်းမှ ထွက်ခွာသွားချိန်တွင် မြို့အနီးတွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာ၌ ကွပ်ကဲမှုစင်တာတစ်ခုကို ထူထောင်ခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်း အများအပြားကို ချထားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ရီဒ်လင်းဂန်မြို့အနီးတွင် ရထားတွဲနှစ်တွဲလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရထားလမ်းချော်မှုဖြစ်ပွားခြင်းကြောင့် အနီးနားရှိလမ်းနှင့်အတူ ရထားသံလမ်းကိုပိတ်ထားသည်ဟု သိရသည်။ ရထားလမ်းချော်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုဒေသတွင် အစောပိုင်းက မုန်တိုင်းတိုက်ခတ်ခြင်းခံခဲ့ရသည်ဟု ဂျာမန်သတင်းအေဂျင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို