ေနပြည်တော်  ၁၂  မတ်

ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံး၌ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၂၂ ရက်အထိ ကျင်းပလျက် ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀) မြောက်ပုံမှန် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှု (Interactive Dialogue) တစ်ရပ်ကို မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးမှုတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့်စပ်လျဉ်း၍ ၎င်း၏အစီရင်ခံစာကို နှုတ်ဖြင့် တင်သွင်းခဲ့သည်။

အထူးအစီရင်ခံစာတင်သွင်းသူ၏ ဘက်လိုက်အပြုသဘော မဆောင်သည့် မှတ်ချက်များနှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မိန့်ခွန်းတစ်ရပ်ကို တုံ့ပြန်ပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာတွင် လူ့အခွင့်အရေးနှင့် အားလုံးပါဝင်မှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လူ့အဖွဲ့အစည်းသို့ အောင်မြင်စွာ အသွင်ကူးပြောင်းရေးအတွက် အဓိကကျကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး၊ ဒီမိုကရေစီ နည်းလမ်းကျသော အလေ့အထများ ထွန်းကားရေးနှင့် ကောင်းမွန်သောအုပ်ချုပ်မှု ပုံစံရှိရေးတို့အတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် နယ်ပယ် အများပြားတွင် ထင်သာမြင်သာသည့် တိုးတက်မှုများ ရှိနေပြီဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာ ခံကို () ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ရလဒ်ကောင်းများ ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ်တိုင် နောက်ထပ်ညီလာခံ () ကြိမ်ကျင်းပသွားရန်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ စီမံအုပ်ချုပ်မှုပုံစံတို့ကို ထည့်သွင်းစဉ်းစားလျက် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုကို အားပေး ခြင်းဖြင့်စီးပွားရေးနယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်လျက်ရှိကြောင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီကျင့်စဉ်နှင့်ကိုက်ညီမှုမရှိသော ဖော်ပြချက်များကို ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ စိန်ခေါ်မှု များနှင့် အကန့်အသတ်များစွာ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ၏ အခွင့်အရေးများ ကာကွယ်မြှင့်တင်ရေးကို ဦးစားပေးလုပ်ငန်းတာဝန်အဖြစ် အစွမ်းကုန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် အခြား အားနည်းသူအုပ်စုအတွက် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိ ကြောင်း၊ ၂၀၂၀ပြည့်နှစ်နိုင်ငံများ အားလုံးအပေါ် လူ့ခွင့်အရေး အခြေအနေဆိုင်ရာ အလှည့်ကျ သုံးသပ်ဆွေးနွေးမှု (Universal Periodic Review) တတိယအကြိမ်မြောက် ပြန်လည် သုံးသပ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အမျိုးသား အစီရင်ခံစာကို တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ စာချုပ်(CRC) အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးစာချုပ် (CEDAW) မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာစာချုပ် (CRPD) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (ICESCR) တို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ယခုနှစ်တွင် အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစာချုပ် (ICCPR) ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသစ်နှင့် အမုန်းစကား တားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုကိစ္စများကို ဖြေရှင်းမည့် ဥပဒေမူကြမ်းများ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ ပြဌာန်းရေး လုပ်ငန်း စဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း။

အစိုးရနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အထူးကိုယ်စားလှယ်၏ ရုံးခန်း နေပြည်တော်တွင် ဖွင့်လှစ်ထားကြောင်း၊ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခများနှင့်ဆက်စပ်သည့် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှု () မျိုးကို ကာကွယ်သည့် အမျိုးသားကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ လက်မှတ် ရေးထိုးခဲ့ကြသည့် ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်တစ်ခုကိုလည်း ရေးဆွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍မကြာသေးမီက “အေအေ” သောင်းကျန်းသူတို့က ရဲစခန်းများကို တိုက်ခိုက်ရာမှ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့ကြောင်း၊ အစိုးရ၏ကတိကဝတ်များကို ထပ်လောင်းပြောကြား ရာတွင် အစိုးရအနေဖြင့် ကိုဖီအာနန်အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှု အပါအဝင်ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလုံး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရေရှည်တည်တံ့သည့်ဖြေရှင်းမှုကို ရှာဖွေသွားရန် ကြိုးပမ်း မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍  နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ် နှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ နေရပ်ပြန်လာမည့် သူများကို စိစစ်လက်ခံရန် အသင့်ရှိကြောင်း၊ မိမိဆန္ဒအလျောက် နေရပ်ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင် (၄၄၄) ဦးအပါအဝင် ပြန်လည်စိစစ်ပြီးသော နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို စတင်ရန် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို  ဧပြီလ အတွင်း ပြန်လည်ကျင်းပရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊ ကော့ဇ်ဘဇားရှိ နေရပ်စွန့်ခွာသူများစခန်းထဲမှ ရခိုင်ဒေသသို့ ပြန်လာလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားသူများရှိသည်ကို သိရှိခြင်းရှိ-မရှိ အထူးအစီရင် ခံစာတင်သွင်းသူအား မေးမြန်းလိုပါကြောင်း၊ မြန်မာနိုင်ငံသည် နေရပ်ပြန်လာမည့် သူများအတွက် သင့်တင့်လျောက်ပတ်သော ပတ်ဝန်းကျင်ဖန်တီးပေးရေး UNDP UNHCR အပြင် အာဆီယံနှင့်ဒေသတွင်း နိုင်ငံ များနှင့်လည်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း

၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ခုနှစ် သြဂုတ်လတွင် ရဲကင်းစခန်းများကို အာဆာအကြမ်းဖက်များကကြိုတင် အကွက်ချတိုက်ခိုက်မှုမှစတင်သည့် အကြမ်းဖက်မှု များကြောင့် ထိခိုက်ခံစားခဲ့ရသည့် အသိုက်အဝန်းများနှင့်ထပ်တူ မြန်မာနိုင်ငံကလည်း စိုးရိမ် ပူပန်ပါကြောင်းနှင့် အာဆာအဖွဲ့၏အကြမ်းဖက်မှုများအား ကြောက်ရွံ့ခြင်းကြောင့် လူ အမြောက်အများ နေရပ်စွန့်ခွာမှုများဖြစ်ပွားစေခဲ့ကြောင်းနှင့် အကြမ်းဖက်မှုလှုံ့ဆော်မှုကို အာဆာအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ကြောင်းအလေးပေးပြောကြားခဲ့သည်။

ထို့နောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံကို နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးသို့ ရောက်ရှိစေရန် လုပ်ဆောင်သည့်မည်သည့် တောင်းဆိုမှုမျိုးကိုမဆို ပယ်ချကြောင်း၊ သို့ရာတွင် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများနှင့်ပတ်သက်၍ ခိုင်လုံသော သက်သေ အထောက်အထား ပြသနိုင်ပါက တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး အစိုးရအနေဖြင့် အပြည့်အဝ အာမခံကြောင်း၊ မြန်မာအစိုးရကဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအားလုံးကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် စိတ်ဆန္ဒသာမက၊ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

ယင်းနောက် လက်ရှိအထူးအစီရင်ခံစာတင်သွင်းသူ မစ္စန်ဟီလီနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားရာတွင် မြန်မာနိုင်ငံသည် လက်ရှိအထူးအစီရင် ခံစာတင်သွင်းသူနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်းနှင့် အထူးအစီရင် ခံစာတင်သွင်းသူ အသစ်ခန့်အပ်ရန် မေတ္တာရပ်ခံကြောင်း၊ လက်ရှိအထူးအစီရင်ခံစာ တင်သွင်းသူနှင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ၎င်း၏တာဝန်ကို ထမ်းဆောင်ရာ၌ ကျင့်ဝတ်စည်းကမ်းဘောင်ကို ကျော်လွန်လုပ်ဆောင်ခြင်းနှင့် ဘက်လိုက်မှုရှိခြင်းတို့ကြောင့် ပြည်သူများက နှစ်သက်လိုလားမှု မရှိသဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်မပြုရန် လွှတ်တော် မှ ၂၀၁၇ခုနှစ် ဇူလိုင်လ တွင် ဆုံးဖြတ်ခဲ့ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာတွင် စေ့စပ်ညှိနှိုင်းဆွေးနွေးမှု၊ အပြုသဘောဆောင်သော ထိတွေ့ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှာ အရေးကြီးကြောင်း၊ အလေးထား ပြောကြားခဲ့ပြီး လူ့အခွင့်အရေး ကောင်စီမှ ခန့်အပ်ထားသော သီးခြားလွတ်လပ်သော အထူးအစီရင်ခံစာ တင်သွင်းသူတိုင်း သို့မဟုတ် ယန္တရားတိုင်းသည် သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ရိုးသားမှုတို့ ရှိရမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု နောက်ခံစသည့် နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသည့် သီးခြား အခြေအနေများ၊ စွမ်းဆောင်ရည် ကန့်သတ်ချက်နှင့် အခြားသော ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများ နှင့် ရှုပ်ထွေးမှုများကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း

ထို့ပြင် သတင်းအချက်အလက် တိကျမှန်ကန်ရေးသည် မှန်ကန်သော မူဝါဒဆုံးဖြတ်ချက် ချမှတ်ရာတွင် မရှိမဖြစ်လိုအပ်ကြောင်း၊ အထူးအစီရင်ခံစာ တင်သွင်းသူများအနေဖြင့်  နိုင်ငံတစ်နိုင်ငံ၏ လူမှုရေးသဟဇာတဖြစ်မှုနှင့် စည်းလုံးညီညွတ်မှုကို ထိခိုက်စေသော ဘက်လိုက်သည့် အစီရင်ခံစာများ၊ အပြုသဘော မဆောင်သောမိန့်ခွန်းများ စသည့်အန္တရာယ်ရှိသော ဆောင်ရွက်ချက်များကို ရှောင်ရှားရန်လည်း အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။

နိဂုံးချုပ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအနေဖြင့် သန္နိဌာန် ချထားသည့်အတိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်တို့ ခိုင်မာစွာအမြစ်တွယ်သည့် ဒီမိုကရေစီ က်ဒရယ်ပြည်ထောင်စုသို့ ဆက်လက်ချီတက်သွားမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)