မန္တလေး ၁၂ မတ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ်အတွင်းရှိ အလောင်းတော် ကဿပလိုဏ်ဂူသို့ သွားရောက်ရာ ခရီးစဉ်ဒေသရှိ လမ်းပိုင်းများကို ယခုနှစ် ဘုရားဖူးရာသီချိန်အပြီးတွင် ကွန်ကရစ် လမ်းများအဖြစ် ပြုပြင်ခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးထီမောင်က ပြောသည်။

အလောင်းတော်ကဿပလိုဏ်ဂူသို့ သွားရောက်ဖူးမြော်ရန် ခရီးစဉ်ဒေသအား နှစ်စဉ် ပြာသိုလမှ တန်ခူးလမိုးရာသီမတိုင် မီအချိန်အထိ ဖွင့်လှစ်ပေးလျက်ရှိရာ အဆိုပါကာလအတွင်း ဘုရားဖူးပြည်သူ များဖြင့် အထူးစည်ကားလျက်ရှိပြီး နှစ်စဉ် လှူဒါန်းငွေကျပ် သိန်း ၇၀ဝ၀ ကျော်ရရှိ ကြောင်း သိရသည်။

အရင်တုန်းက ဒီလို ဘုရားဖူးရာသီချိန်မှာ ပြည်သူတွေ သွားလာဖို့ လွယ်ကူအောင် မြေသားလမ်းတွေကို ငွေကျပ် သိန်း ၄၀ဝ လောက် အကုန်ကျခံပြီးနှစ်စဉ် ပြုပြင်ပေးခဲ့ပေမယ့်လည်း သတိထားပြီး မောင်းနှင်ရတဲ့ လမ်းခရီးတစ်ခုအနေနဲ့ပဲ ရှိနေခဲ့ သေးတယ်။ မနှစ်ကစပြီး ဂုံညင်းပင် စခန်းကနေ နတ်ထိပ်အထိ အရှည်နှစ်မိုင် လမ်းပိုင်းကို ငွေကျပ်သိန်း ၂၇၀ဝ အသုံး ပြုပြီးကွန်ကရစ်လမ်းခင်းပေးခဲ့တယ်” ဟု၎င်းက ပြောသည်။

ထို့အပြင် ယခုနှစ် ဘုရားဖူးရာသီအပြီးတွင် ယင်းခရီးစဉ်လမ်းပိုင်းရှိ ကပိုင်ပွင့်ကြီး စခန်းမှ ဂုံညင်းပင်အထိ အရှည် ၂ မိုင် ၆ ဖာလုံတွင် ငွေ ကျပ်သိန်း ၄၀ဝ၀ ကျော် အသုံးပြု၍ ကွန်ကရစ်လမ်းခင်းရန် စီစဉ်ထားရှိပြီး နတ်ထိပ်မှ သပိတ်ဆေး စခန်းအကြားရှိ မြေသားမာကျောသည့် နေရာများတွင် ကွန်ကရစ်လမ်းများ ခင်းကျင်းသွားမည့်အပြင် သပိတ်ဆေး ချောင်းမှ ရှုခင်းသာအထိ အရှည်ပေပေါင်း ၅၀ဝ၀ ခန့်ရှိသော သံဘေလီတံတားကိုလည်း သွားလာမှုအဆင်ပြေစေရန် လာမည့် ဘုရားဖူးရာသီမတိုင်မီ ပြုပြင်မှု များ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အလောင်းတော်ကဿပ လိုဏ်ဂူသို့ သွားရောက်ဖူးမြော်ကြသူ ပြည်သူများအတွက် ဆင်စခန်းမှ ဆင်အစီးရေ ၇၀ ဖြင့် နေ့စဉ် ပို့ဆောင်ပေးလျက်ရှိပြီး လက်ရှိတွင် အဆိုပါ ခရီးစဉ်ဒေသကို ပုလဲ၊ ဆားလင်းကြီး၊ ကနီနှင့် ယင်းမာပင် စသည့် လေးမြို့နယ်မှ သံဃာတော်များ နှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 မင်းထက်အောင်(မန်းကိုယ်ပွား)