ဇူလိုင် ၂၉
ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်းဆီယမ်ရိပြည်နယ်မှ အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း အတည်ပြုချက်ထွက်ပေါ်လာသဖြင့် ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူ ၁၄ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားကျန်းမာရေးအင်စတီကျုမှဓါတ်ခွဲစစ်ဆေးချက်အရ ဇူလိုင် ၂၆ ရက်က ထိုအမျိုးသားတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း ဖော်ပြထားသည်။
အဆိုပါအမျိုးသားတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် အသက်ရှူကျပ်ခြင်း စသည့် လက္ခဏာများ တွေ့ရှိရပြီး လတ်တစ်လောတွင် ဆရာဝန်အဖွဲ့တစ်ဖွဲ့က ကုသပေးလျက်ရှိကြောင်း ထပ်လောင်း ဖော်ပြထားသည်။ ၎င်းသည် ဆီယမ်ရိမြို့ ကရာဗန်ကျေးရွာတွင် နေထိုင်သူဖြစ်သည်ဟု သိရသည်။
စုံစမ်းမေးမြန်းချက်များအရ ယင်းလူနာ၏နေအိမ်အနီးတွင် ကြက်များသေဆုံးမှုရှိကြောင်းနှင့် ၎င်းဖျားနာမှုမဖြစ်မီ သုံးရက်က ကြက်များကိုအမွေးနုတ်ကာခုတ်ထစ်ခဲ့သည်ဟု သိရသည်။
ကျန်းမာရေးအာဏာပိုင်များက ရပ်ရွာအတွင်း ယင်းရောဂါဖြစ်ပွားမှုကိုကာကွယ်ရန်အလို့ငှာ ကလေးငယ်နှင့် ထိတွေ့မှုရှိသူများ သို့မဟုတ် သံသယရှိသူများကို စစ်ဆေးလျက်ရှိပြီး ရောဂါဖြစ်ပွားရခြင်းအရင်းအမြစ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ယခုနှစ်လက်ရှိအချိန်အထိ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၄ ဦးရှိပြီး သေဆုံးသူ ငါးဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


