ကျွန်းလှ ဇူလိုင် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးဧက ၂၃၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၇ ဧက လျာထားပြီး ယနေ့ထိ ၂၃၁၁၃ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ဇွန်လဆန်းက စတင်ပြီး မိုးစပါးစိုက်ပျိုးရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်နဲ့ မြေအောက်ရေတင်ပြီး ပျိုးထောင်စိုက်ပျိုးကြပါတယ်”ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး၊ ပိုးမွှားကျရာက်မှုကင်းစင်ရေး အသိပညာပေးလျက်ရှိကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း၊ ဈေးကောင်းရရှိသည့် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေနှင့် အောင်နိုင်တိုး စပါးမျိုးများစိုက်ပျိုးကြကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)