လွိုင်ကော် ဇူလိုင် ၂၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က လွိုင်ကော်မြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ နေထိုင်လျက်ရှိသည့် ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အခြေခံစားသောက်ကုန်များ ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

 

အဆိုပါပေးအပ်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ပေးအပ်ကြ၍ တက်ရောက်လာသူများက လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များကို တင်ပြကြရာ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေကို ပြန်လည်ရှင်းလင်းပြောကြားကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းသို့သွားရောက်ပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲတက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ယခုသင်တန်းကျောင်းအား အထူးသဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စေတနာကို နားလည်ပြီး ကျေးဇူးသစ္စာစောင့်သိရိုသေကာ အလုပ်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ ကျောင်းသားကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရိက္ခာသိုလှောင်ရုံများကို လည်းကောင်း၊ နေ့စဉ်အာဟာရ ပြည့်ဝစွာ ကျွေးမွေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် ဥစားကြက်မွေးမြူရေးခြံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြပြီး အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့သည့် ထေးသမရပ်ကွက်ရှိ ရိုးရာတံခွန်တိုင်ခန်းမကြီးအား ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ခန်းမကြီးနှင့် အခြားခန်းမဆောင်များ ပြန်လည်ပြုပြင်ရမည့်အခြေအနေနှင့် တံခွန်တိုင်ကွင်းအတွင်း ရိုးရာပွဲတော်များ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများကို မှာကြားပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ဆေးရုံကြီး ဆေးပဒေသာပင် ရန်ပုံငွေနှင့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြကာ ဆေးရုံ၌ တက်ရောက်ဆေးကုသနေသည့် လူနာများအား လှည့်လည်ကြည့်ရှုအားပေး၍ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

 

ဆက်လက်၍ လွိုင်ကော်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နွယ်သာကီခန်းမ၌ ဆရာ ဆရာမများ၊ စိုက်ပျိုးမွေးမြူရေးကျောင်း (ချိကယ်) မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်၍ စာသင်ဆောင်များ ပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ စာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်နယ်ခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများအား ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ခရစ်ယာန်ဘုရားကျောင်းများအတွက် ဆန်၊ ဆီနှင့် အလှူငွေများပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် နွားလဝိုးကျေးရွာအုပ်စု နွားလဝိုးရွာမကျေးရွာ၌ ပြုလုပ်သည့် မိုးစပါးယူရီးယား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်းနှင့် သက်သာသောနှုန်းဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး နွားလဝိုးရွာမနှင့် ထီရိကျေးရွာတို့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများကို ပေးအပ်သည်။

 

ယင်းနောက် နွားလဝိုးရွာမ ကွင်းအမှတ် (၁၂၆) တောင်သူ ဦးစိုးရွှေ၏ မိုးစပါးစံပြစိုက်ခင်းအတွင်း ယူရီးယားဓာတ်မြေသြဇာများ စုပေါင်းကြဲပက်နေမှုနှင့် တောင်သူများအား ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် အသီး၊ အရွက်၊ အပင်သန်ဆေးများ စနစ်တကျသုံးစွဲနိုင်ရန် သရုပ်ပြရှင်းလင်းခြင်းကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃/ ၁၁ ကေဗွီ ၅ အမ်ဗွီအေ ကယန်းသာယာဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ မြို့ပြပိုင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက်နေသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ကယန်းသာယာဓာတ်အားခွဲရုံ ပြုပြင်ပြီးစီးပါက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ၊ လွိုင်လင်လေးမြို့ လွိုင်ကော်စက်မှုဇုန်နှင့် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ ထီရိ၊ ကုန်းသာ၊ ဆောင် ကန်း၊ ဝါရီကောခူ၊ ပီကင်းကောခူကျေးရွာတို့နှင့် ထိုမှတစ်ဆင့် မိုးဗြဲသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်