ဇူလိုင် ၃၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၀၀၀၀ ကျော်ရှိရာ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူစုစုပေါင်း ၂၀၀၀၀ ကျော်ရှိလာပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၇၉ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၉၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် သွေးလွန်တုပ်ကွေးရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ရာ ယခုလ လက်ရှိအချိန်အထိ ယင်းရောဂါဖြင့်သေဆုံးသူ ၃၇ ဦး ရှိလာသည်ဟု သိရသည်။
ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသိသိသာသာမြင့်တက်လာရာ ယခုနှစ်လက်ရှိ အချိန်အထိ ရောဂါဖြစ်ပွားသူ ၂၀၃၁၆ ဦးရှိပြီး သေဆုံးသူ ၇၉ ဦးရှိလာကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်း မုတ်သုံကာလသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသော ရာသီဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


