ငဖဲ ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် (၁၀၂၀၀) ဧက လျာထားခဲ့ရာ ယနေ့ထိ (၁၅၅၂) ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးပြီးစီးသည့်စပါးမျိုးကွဲအလိုက် စိုက်ဧကမှာ မနောသုခ (၄၀၃) ဧက၊ ဆင်းသုခ (၄၃၉) ဧက ၊ အောင်နိုင်တိုး (၂) ဧက၊ ဧရာမင်း (၂၄၉) ဧက၊ ကောက်ညှင်း (၄) ဧက နှင့် တောင်ယာ (၄၅၅ )ဧက စုစုပေါင်း (၁၅၅၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လယ်မြေများတွင် နွေစပါးများဆက်လက် ရိတ်သိမ်းနေဆဲဖြစ်၍ လျာထားချက် ပြည့်မီကျော်လွန်ရေး ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် မိုးစပါးကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက (၁၀၂၀၀) ဧကတွင် တစ်ဧက အထွက်နှုန်း ၈၄.၅၁ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးရန်ရေကို အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ ( ၃၂၀၆)ဧက၊ ရင်းရှည် ရေလှောင်တမံဆည်မှ (၅၄၂)ဧက၊ ဆည်ငယ် ၊ကန်ငယ်များမှ (၄၇၅၁) ဧက၊ မိုးကောင်းသောက် (၁၂၂၆ )ဧက နှင့် တောင်ယာစိုက်ဧက (၄၇၅) ဧက စုစုပေါင်း (၁၀၂၀၀) ဧကစိုက်ပျိုးနိုင်ရန်လျာထားပြီး လျာထားချက်ပြည့်မီရေးအတွက် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ ငဖဲမြို့နယ်အတွင်းရှိဒေသခံ တောင်သူများမိုးစပါး စိုက်ပျိုးရာသီတွင် အထွက်နှုန်းကောင်းမွန်သော စပါးမျိုးများရွေးချယ်စိုက်ပျိုးရေး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေးကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)