လွိုင်ကော် ဇူလိုင် ၃၁
ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ဘက်စုံထူးချွန်သူများဖြစ်လာစေရန်နှင့် လူငယ်များ၏အခန်းကဏ္ဍ မြင့်မားတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ကောလိပ်၊ သိပ္ပံနှင့် သင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကို ကျင်းပရာ နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခိုင်ဇော်နိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တတိယနှစ် ကျောင်းသူ မအေးအေးမြင့်က လူငယ်နှင့်ကျန်းမာရေး၊ အားကစား နှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၊ Grade-12 ကျောင်းသူ မရွှေလင်းခိုင်က လူငယ်နှင့် အားကစား လွိုင်ကော်ပညာရေးဒီဂရီကောလိပ် တတိယနှစ် ကျောင်းသူ မကြယ်စင်သင်းက လူငယ်နှင့် ဗလငါးတန်၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်) ပထမနှစ် ကျောင်းသား မောင်သူရဟိန်းထက်က လူငယ်နှင့် နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒုတိယနှစ်ကျောင်းသူ မချောကလျာနှင်းက လူငယ် နှင့် ICT နည်းပညာ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ က ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ ငွေတောင်ပြည်ကဖိတ်ခေါ်သံ သီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေများ၊ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ယနေ့အခမ်းအနားတွင် လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လူငယ်ကဏ္ဍမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


