ရန်ကုန်  ဇူလိုင်  ၃၁

၂၀၂၅-၂၀၂၆ ရာသီအတွက် ပြင်ဆင်နေသည့် MNL ထိပ်သီးကလပ်များဖြစ်သော ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည် နိုင်ငံခြားသားကစားသမားသစ်များ ခေါ်ယူအားဖြည့်ခဲ့သလို ဒဂုံစတားယူနိုက်တက်အသင်းကလည်း နည်းပြချုပ်နေရာ အပြောင်းအလဲပြုလုပ်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီအတွက် နိုင်ငံခြားသားကစားသမား ခြောက်ဦးအထိ အသုံးပြုမည်ဖြစ်ပြီး နောက်ဆုံးခေါ်ယူမှုအဖြစ် ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ဆူဇာအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဆူဇာသည် ထိုင်းလိဂ်-၂ ကလပ် ဖရေးယူနိုက်တက်အသင်းတွင် နောက်ဆုံးကစားခဲ့ပြီး ဘယ်တောင်ပံတိုက်စစ်ကစားသမားတစ်ဦးလည်းဖြစ်သည်။  

ဂျပန်ကွင်းလယ်ကစားသမား ယူဂျီနှင့်  ဂါနာကွင်းလယ်ကစားသမား မတ်ခ်ဆာကီတို့ကို သက်တမ်းတိုးကာ ဘရာဇီးနောက်ခံလူ မာရူစီယို၊ ဂျပန်တောင်ပံကစားသမား ယုကီ၊ ကနေဒါတိုက်စစ်မှူး ဂျော်ဒန်ဟာ မီတန်၊ ဘရာဇီးတောင်ပံကစားသမား ဆူဇာတို့ကို အသစ်ခေါ်ယူထားခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၅-၂၀၂၆ ရာသီတွင်  ပြည်တွင်းလိဂ်ပြိုင်ပွဲအပြင်  နိုင်ငံတကာပြိုင်ပွဲအဖြစ်  အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲနှင့် AFC Challenge League ပြိုင်ပွဲ  ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့အတူ ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း ဂျပန်နောက်ခံလူ အဆာနိုနှင့် ဂါနာတိုက်စစ် ကစားသမား နက်သန်နီရယ်တို့ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ၎င်းတို့ နှစ်ဦးမတိုင်မီက ကင်မရွန်းနောက်ခံလူ အီဒူရစ်၊ တိုက်စစ်မှုး မိုဂူ၊ ဂျပန် တိုက်စစ်မှူး ရင်တာရိုနှင့် တောင်ပံကစားသမား ဆာအိတိုတို့ကို ခေါ်ယူထားသည်။ နောက်ခံလူ အီဒူရစ်သည် MNL League Cup ပြိုင်ပွဲတွင် ဒဏ်ရာရရှိပြီး ကာလရှည်အနားယူရမည်ဖြစ်သော ကြောင့် ၎င်းနေရာတွင် အစားထိုးရန် အဆာနိုကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန် ယူနိုက်တက်အသင်းသည်  တိုက်စစ်နေရာအတွက်   ညာတောင်ပံနှင့် အထောင်တိုက်စစ်နေရာတွင် ကစားနိုင်သည့် နက်သန်တို့ကို  ခေါ်ယူခဲ့ခြင်းဖြစ်သည်။   ရန်ကုန်ယူနိုက်တက်အသင်းသည်    ယခု ရာသီ၏ ပထမဆုံးပြိုင်ပွဲဖြစ်သော MNL League Cup ပြိုင်ပွဲတွင် ဗိုလ်စွဲထားသဖြင့် လိုအပ်သည့် နေရာများ ထပ်မံအင်အားဖြည့်တင်းနေပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲအဖြစ်  AFC Challenge League ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။                         

ရဲရင့်လွင်၊ ဓာတ်ပုံ-SUFC