ဩဂုတ် ၁

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မကြာသေးမီက မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၄၄ ဦးရှိလာပြီး အခြားကိုးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပေကျင်းအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

ဇူလိုင် ၂၃ ရက်မှ၂၉ ရက်အထိ ရွာသွန်းခဲ့သောမိုးကြောင့် မြို့တော်ပေကျင်း၏တောင်တန်းဒေသများတွင် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့သည်။ သေဆုံးသူအများအပြားသည် မီယွန်ခရိုင်ရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာမှဖြစ်သည်ဟု သိရသည်။ အဆိုပါခရိုင်အကြီးအကဲက ထိုဂေဟာသည် အရေးပေါ်အစီအစဉ်အရ ဘေးလွတ်ရာသို့ရွှေ့ပြောင်းသင့်သည့်ဇုံအတွင်းပါဝင်ခြင်းမရှိကြောင်း ပြောကြားသည်။

ပေကျင်းမြို့အဆင့်မြင့်တာဝန်ရှိသူများအနေဖြင့် ၎င်းရလဒ်အတွက်တာဝန်ယူရန် ရာထူးမှ နုတ်ထွက်သင့်ကြောင်း  ရေးသားဖော်ပြမှုများကို တရုတ်လူမှုမီဒီယာတွင်မြင်တွေ့ရသည်။

၂၀၂၃ ခုနှစ် နွေရာသီက တရုတ်နိုင်ငံ၏မြို့တော် ဆင်ခြေဖုံးတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။ ထိုအချိန်တွင်  ၃၃ ဦး သေဆုံးပြီး အခြား ၁၈ ဦး ပျောက်ဆုံးနေသည်ဟု အာဏာပိုင်များကဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို