ဩဂုတ် ၁
အားကောင်းသောအပူပိုင်းမုန်တိုင်း Krosa သည် ဂျပန်နိုင်ငံ တိုကျိုအပါအဝင် ကန်တိုဒေသသို့ ဩဂုတ် ၂ ရက်နေ့တွင် ချဉ်းကပ်လာနိုင်သဖြင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့်လှိုင်းကြီးမှုတို့နှင့်ပတ်သက်ပြီး မိုးလေဝသတာဝန်ရှိသူများက သတိပေးပြောကြားထားသည်။
အဆိုပါမုန်တိုင်းသည် ယနေ့မွန်းတည့်ချိန်အထိ ကန်တိုဒေသနှင့်ဝေးသော ဟာချီဂျိုဂျီမာကျွန်း၏အရှေ့ဘက်တွင် တည်ရှိသည်ဟု မိုးလေဝသအေဂျင်စီကဆိုသည်။
ထိုမုန်တိုင်းသည် မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့်ရွေ့လျားလျက်ရှိသည်။ ဟာချီဂျိုဂျီမာကျွန်းနှင့် ကန်တိုရှိအခြားဒေသများ၌ ဩဂုတ်လ ၂ ရက်တွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည်။ ၂ ရက်နေ့မနက်ပိုင်းအထိ ယင်းဒေသများတွင် မိုးရေချိန် မီလီမီတာ ၁၀၀ အထိရှိနိုင်သည်ဟု သိရသည်။
တာဝန်ရှိသူများက မြစ်ရေကြီးခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်း၊ ရွှံ့မြေပြိုခြင်းနှင့် လှိုင်းကြီးခြင်းတို့အတွက် ဒေသခံများအား သတိဖြင့်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


