ပင်းတယ ဩဂုတ် ၃

 

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်းတယမြို့နယ်တွင် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိမိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ တိုက်စားသဖြင့် မြေပြိုကျခြင်း၊ အဆောက်အအုံများ ပြိုကျခြင်း၊ လမ်း၊ တံတားပျက်စီးမှုနှင့် ပင်းတယမြို့၏ အထင်ကရ ပုန်းတလုတ်ရေကန် ရေမြင့်တက်နေမှုကို ယမန်နေ့နံနက်ပိုင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ကံ့ကော်တော ဘုန်းတော်ကြီးကျောင်းအတွင်း ရေထွက်နှင့် ပင်းတယရွှေဥမင် သဘာဝလိုဏ်ဂူဘုရားရှိ ပျက်စီးသွားသော လေးခန်းတွဲ ဈေးဆိုင်ခန်း ခုနစ်ခန်းကို သွားရောက် ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ခန်းများပြင်ဆင်ရန် ဆိုင်ရှင်များအား တစ်ခန်းလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ငွေကျပ် သိန်း ၇၀ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာရှိ သိမ်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူများအား ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားတွင် ရေဘေးကြောင့် လုံးဝပျက်စီးသွားသော အိမ် ၁၉ အိမ်အတွက် တစ်အိမ် လျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ငွေကျပ်သိန်း ၁၉၀၊ တစ်စိတ် တစ်ပိုင်းပျက်စီးသည့် အိမ်လေးအိမ်အတွက် တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် ငွေကျပ်သိန်း ၂၀ စုစုပေါင်းငွေကျပ်သိန်း ၂၁၀ နှင့် ထောက်ပံ့ပစ္စည်းများကို လည်းကောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီကထောက်ပံ့ ငွေကျပ် ၇၃၆၅၀၀၀၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ ငွေကျပ်သိန်း ၁၅၀၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆိုလာမီးများကို လည်းကောင်း ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူသည်။

 

ထို့နောက် ပင်းတယ - ရပ်စောက် သွားလမ်းမကြီးပေါ်ရှိ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးသွားသော မိုင်းအင်တံတားကို ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ပေးရန် မှာကြားသည်။

 

ညနေပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ်က သဘာဝဘေးနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်နိုင်ရန် အတွက် ငွေကျပ်သိန်း ၃၀၀ နှင့် ဘိလပ်မြေအိတ် ၁၅၀၀ ကို ပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကလောခရိုင် အောင်ပန်းမြို့ သာမိုင်ခမ်းဆည် ပြန်လည်ပြုပြင်မည့် နယ်နိမိတ်သတ်မှတ်ထားမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)