ရန်ကုန်  ဩဂုတ်   ၃

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် သြဂုတ်  ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ် နိုင်ငံ၌ကျင်းပမည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် အသင်းရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး  အုပ်စု (က)  တွင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊  အုပ်စု (ခ) တွင်  ဖိလစ်ပိုင်၊  မြန်မာ၊  ဩစတြေးလျ ယူ-၂၃၊ တီမောအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲ များအဖြစ် ဩဂုတ် ၇ ရက်တွင် ဩစတြေးလျ ယူ-၂၃ အသင်း၊ ဩဂုတ် ၁၀ ရက်တွင် တီမောအသင်း၊ ဩဂုတ် ၁၃ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို  ၂၀၀၄  ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းအနေဖြင့် ၂၀၀၄ နှင့် ၂၀၀၇ ပြိုင်ပွဲတွင် ချန်ပီယံဆုရယူပြီးနောက်ပိုင်း ချန်ပီယံဆုနှင့် ဝေးကွာလျက်ရှိပြီး ၂၀၁၅ ပြိုင်ပွဲ ဗိုလ်လုပွဲ တက်ရောက် ပြီးနောက် ဗိုလ်လုပွဲသို့ပင် တက်ရောက်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်   ၂၀၂၅  အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် အာရှဖလားခြေစစ်ပွဲပြီးကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့သလို ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်အထိ တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်ခရီးစဉ်တွင် တရုတ် ယူ-၂၀ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ၊  တရုတ်ကလပ်အသင်းနှင့်  တစ်ပွဲခြေစမ်းကစားသော်လည်း ရလဒ်ပိုင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေး စင် အမျိုးသမီးအသင်းသည် သြဂုတ် ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီး သြဂုတ် ၂ ရက်နှင့် ၃ ရက်တွင် ရန်ကုန်မြို့၌ အပြီးသတ်ပြင်ဆင်ကာ သြဂုတ်  ၄ ရက်တွင်  ဗီယက်နမ်နိုင်ငံသို့  ထွက်ခွာမည်ဖြစ်ပြီး ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားမည်ဖြစ်သည်။

ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF