ဩဂုတ် ၄

မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗီရာခရုဇ်မြို့ရှိအကျဉ်းထောင်တစ်ခုတွင် ဩဂုတ် ၂ ရက်နေ့မွန်းလွဲပိုင်းက အဓိကရုဏ်းတစ်ခုဖြစ်ပွားပြီးနောက် အကျဉ်းသားခုနစ်ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ်၏ပြည်သူ့လုံခြုံရေးအတွင်းရေးမှူးရုံးက ယမန်နေ့က ပြောကြားသည်။

အဆိုပါအဓိကရုဏ်းဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများသည်  ဆေးရုံအသီးသီးတွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

အကျဉ်းထောင်တွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ရာ အပြည့်အဝ ငြှိမ်းသတ်နိုင်ခဲ့ပြီး အကျဉ်းသားအများအပြားကို ပန်ကိုမြို့ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု အတွင်းရေးမှူးရုံးက ပြောကြားသည်။

ဗီရာခရုဇ်ပြည်နယ်အစိုးရသည် အခြားအစိုးရအေဂျင်စီများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အကျဉ်းထောင်များတွင် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် လုံခြုံရေးအခြေအနေများ ပိုမိုကောင်းမွန်လာစေရန် ၎င်း၏ကတိကဝတ်ကို ထပ်လောင်းပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို