ဘားအံ ဩဂုတ် ၄

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာအထိမြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယခုအခါ ၈၃၄ စင်တီမီတာအောက်သို့ ပြန်လည် ကျဆင်းနေပြီဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့် ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ အများပြည်သူဆိုင်ရာ နေရာများတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးသည်။

 

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားမိဘနှင့် ဆရာ ဆရာမများ ပူးပေါင်း၍ ဘားအံမြို့ ကမ်းနား လမ်းရှုခင်းသာနှင့် ကမ်းနားလမ်းတစ်လျှောက်၊ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တို့တွင် ယာဉ်၊ ယန္တရားများ အသုံးပြု၍ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးချိန်၊ ရေများပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့် သဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်စင်ခြင်း၊ ရေကြီးနစ်မြုပ် ခဲ့သည့် ရေတွင်းရေကန်များ စုပ်ထုတ်သန့်စင် ပေးခြင်း၊ ဆေးခတ်ခြင်း၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)