ငပုတော ၁၃ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၀ ရက်အထိ တစ်လကြာ ကျင်းပလျက်ရှိရာ အနယ်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။
ဘုရားပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ မော်တော်ယာဉ်များဖြင့် ဘုရားတောင်ခြေအထိ တိုက်ရိုက်လာရောက် ဖူးမြော်ခြင်းများ ရှိသကဲ့သို့ ပုသိမ်မြို့မှတစ်ဆင့် သင်္ဘောများဖြင့် လာရောက်ဖူးမြော်ခြင်းများလည်းရှိသည်။
ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူး ဧည့်သည်တော်များ အဆင်ပြေစွာ တည်းခိုနိုင်ရန်အတွက် အခမဲ့ တည်းခိုဆောင်တစ်ခု စီစဉ်ပေးထားကာ ရင်ပြင်ပေါ်တွင် ညအိပ်မည့် သူများအတွက် ဖျာများကိုလည်း အခမဲ့ငှားရမ်း ပေးထားသည်။
ဘုရားဖူး လာရောက်ကြသည့် ပြည်သူများ အနေဖြင့် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား ဖူးမြော်ပြီးပါက မြွတောင် (ခ) ငွေတောင် ပင်လယ်ကမ်းခြေသို့ သွားရောက်ကာ အပန်းဖြေရေကူးခြင်း၊ ကမ်းခြေ သဘာဝအလှများကို ကြည့်ရှုခြင်းများနှင့် ရေလှိုင်းစီးခြင်းများကို ပြုလုပ်ကြပြီး ဧည့်သည်တော်များဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


