စင်ကာပူ   သြဂုတ်   ၄

စင်ကာပူနိုင်ငံသည်   ပထဝီဝင်နိုင်ငံရေး   ပြုပြင်ပြောင်းလဲမှုများနှင့် နည်းပညာဆိုင်ရာ နှောင့်ယှက်ဟန့်တားမှုများကဲ့သို့သော ကမ္ဘာ့ဖွဲ့စည်းပုံ အပြောင်း အရွှေ့များကြားတွင်   နိုင်ငံ၏စီးပွားရေးကို   ပိုမိုအားကောင်းစေရန်  အထူးပြုကော်မတီငါးခုပါဝင်သော အဆင့်မြင့်အဖွဲ့ကိုဖွဲ့စည်းပြီး ရေရှည် စီးပွားရေးမဟာဗျူဟာကို   ကျယ်ကျယ်ပြန့်ပြန့်   ပြန်လည်သုံးသပ်သွားမည်ဟု သြဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး  ဂမ်ကင်ယောင်က စီးပွားရေးမဟာဗျူဟာ သုံးသပ်ချက်ဟု    အမည်ပေးထားသော အဆိုပါပဏာမခြေလှမ်းကို     ထုတ်ဖော်ပြောကြားခဲ့သည်။ စိတ်ကူးသစ်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် ချဉ်းကပ်ပုံစံသစ်များကို ကျင့်သုံးနေစဉ် တစ်ဖက်တွင်လည်း ယခင်စီးပွားရေးသုံးသပ်ချက်များမှ ထိုးထွင်းသိမြင်မှုများကိုအသုံးချပြီး  နိုင်ငံ၏စီးပွားရေး  ပိုမိုအားကောင်းအောင်   တည်ဆောက်မည်ဟု   ၎င်းက ပြောသည်။

သုံးသပ်ချက်တွင် လာမည့်လများအတွင်း စီးပွားရေးလုပ်ငန်းများ၊  အလုပ်သမားများ၊  အခြားအဓိက ပါဝင်ပတ်သက်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးမှုများ ပါဝင်မည်ဖြစ်သည်။ အထူးပြုကော်မတီငါးခုသည် ၎င်းတို့၏အကြံပြုချက်များနှင့်အတူ အစီရင်ခံစာတစ်စောင်ကို ၂၀၂၆  နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ရန် မျှော်လင့်ထားသည်။

ဤအစီအစဉ်သည်   ဒုတိယဝန်ကြီးချုပ် ဂမ် ဦးဆောင်သော ပိုမိုကျယ်ပြန့်သည့် စင်ကာပူစီးပွားရေး  လုပ်ငန်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ၎င်းအစီအစဉ်ကို စီးပွားရေးလုပ်ငန်းများနှင့်   အလုပ်သမားများအား  အမေရိကန်၏  အခွန်စည်းကြပ်မှုများကြောင့် ပေါ်ပေါက်လာသော  မသေချာမရေရာမှုများနှင့် လိုက်လျောညီထွေဖြစ်အောင်ကူညီရန်   ဧပြီလက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အထူးပြုကော်မတီများသည် အဓိကကျသော မဟာဗျူဟာနယ်ပယ်ငါးခုကို  အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။  ၎င်းနယ်ပယ်များတွင်  စီးပွားရေးပြိုင်ဆိုင်မှုများကို   ပြန်လည်ဆန်းသစ်ခြင်းဖြင့်   စင်ကာပူ၏ ကမ္ဘာလုံးဆိုင်ရာ  ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်၊  ကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဖြစ်ပေါ်စေရန်နှင့်  အခွင့်အလမ်းသစ်များကို ဖမ်းယူနိုင်ရန်  နည်းပညာနှင့်  ဆန်းသစ်တီထွင်မှုများကို အသုံးချခြင်းများ ပါဝင်သည်။

ဆင်ဟွာ