နေပြည်တော် ဩဂုတ် ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ် စံပြဖဆပလရပ်ကွက် ဂျိုးဖြူလမ်းတွင် စောင့်ဆိုင်းနေစဉ် ဂျိုးဖြူလမ်းရှိ ကားဂိတ်မှ ပါဆယ်ပစ္စည်းထုတ်ယူပြီး ထွက်လာသူ အောင်သူရဟိဏ်းကို စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး (Happy Water) ၂ ဒသမ ၀၀၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၇၀၃ ဒသမ ၁၅ သိန်း)နှင့် ကတ်တမင်း ၀ ဒသမ ၀၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုး ငွေကျပ်သိန်း ၂၀ ) ကို လည်းကောင်း။

ထိုနေ့ မွန်းလွဲ ၁ နာရီခွဲတွင် သတင်းအရ ရွှေပြည်သာ မြို့နယ် (၁) ရပ်ကွက် စိုက်ခင်းပတ်လမ်းရှိ မကြည်မြင့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀ (တစ်ပြားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ သိန်း) နှင့် မြန်မာငွေကျပ် သုံးသိန်းတို့ကို ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၃ နာရီခွဲတွင် အင်းစိန်မြို့နယ် ကမ်းနား (အနောက်ရပ်ကွက်) ဓနသိဒ္ဓိလမ်းပေါ်တွင် ကောင်းဆက်မော် (ခ) ပြောင်ကြီးကို စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၄၀) ကိုလည်းကောင်း ဆက်လက်ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား