မော်လမြိုင်ကျွန်း ဩဂုတ် ၄
မော်လမြိုင်ကျွန်းမြို့နယ်၌ ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥများကို ဈေးနှုန်းသက်သာစွာဖြင့် အမှတ် (၁၁) ရပ်ကွက် မဟာဗန္ဓုလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၌ လက်လီရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၂၀၀၀၊ ဆီ(စားအုန်းဆီ)တစ်ပိဿာလျှင် ငွေကျပ် ၆၉၀၀၊ ကြက်ဥနှင့် ဘဲဥ တစ်လုံးလျှင် ငွေကျပ် ၃၅၀ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးသည်။
အဆိုပါရောင်းချရာသို့ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက ဝယ်ယူရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)


