ရန်ကုန်    ဩဂုတ်   ၄

ဆော်ဒီအာရေဗျနိုင်ငံ    Riyadh မြို့၌ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိ ကျင်းပသည့် E-sports အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲ - ၂၀၂၅ PUBG Mobile World Cup တွင်  မြန်မာနိုင်ငံမှ Yangon Ga-lacticos အသင်းက ကမ္ဘာ့ချန်ပီယံဆုရရှိသည်။

သြဂုတ် ၃ ရက်က  ကျင်းပခဲ့သည့် Grand Final ပွဲတွင် တရုတ်နိုင်ငံနှင့်   မွန်ဂိုလီးယားနိုင်ငံတို့မှ အသင်းများကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး   နောက်ဆုံးပွဲစဉ်တွင်  အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။   ကမ္ဘာ့အဆင့် E-sports ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပြုအသင်းတစ်သင်းအနေဖြင့်  Yangon Galacticos အသင်းက ပထမဆုံးအကြိမ်အဖြစ် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ရရှိသည်။

အလားတူ MLBB  MSC  E-sports World Cup-2025 ပြိုင်ပွဲတွင်လည်း  မြန်မာနိုင်ငံမှ Mythic SEAL အသင်းက ကမ္ဘာ့အဆင့် ကွာတားဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့ပြီး ဆုကြေးငွေ  အမေရိကန်ဒေါ်လာ ၁၀၀၀၀၀  ရရှိခဲ့သည်။  ထို့အတူ  မြန်မာနိုင်ငံမှ အမျိုးသမီးအသင်းဖြစ်သည့် Terror Queen အသင်းကလည်း MLBB MSC E-sports  World  Cup - 2025   Mobile Legends:   Bang  Bang – Women’s Invitational (MWI) ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယဆုရရှိကာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ   ၅၀၀၀၀    ရရှိခဲ့သည်။

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် နာယက ဦးကောင်းထက်စံက “အခု အောင်မြင်မှုဟာ မြန်မာအီလက်ထရောနစ်အားကစားသမိုင်းမှာ အမြင့်မားဆုံးအောင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်ကတည်းက  လူငယ်တွေကို အမြဲအားပေးပြီး အဘက်ဘက်က ငွေအား၊ လူအားနဲ့  စီမံခန့်ခွဲညွှန်ကြားမှု   အမြဲမပြတ်ဆောင်ရွက်ပေးခဲ့တဲ့ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်းကို အထူးကျေးဇူးတင်ပါတယ်” ဟု  ပြောကြားသည်။

မြန်မာနိုင်ငံတွင် E-sports အားကစားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို ကမ္ဘာ့အသိအမှတ်ပြုထူထောင်ခဲ့ပြီး ဂုဏ်ထူးဆောင်နာယကများအဖြစ် ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်နန်းခမ်းနောင့်နှင့်  နာယကအဖြစ် ဦးကောင်းထက်စံတို့က ဦးဆောင်ကာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံနှင့် လူငယ်များက အနီးကပ်ကြီးကြပ်၍ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို  KBZ Bank နှင့် KBZPay တို့က ၂၀၂၀ ပြည့်နှစ်မှစတင်ကာ အဓိကပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ E-sports အားကစားကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲတွင် Dota 2, Valorant, PUBG Mobile, Mobile Legends အပါအဝင် E-sports အမျိုးအစား ၂၅ မျိုးကျော် ထည့်သွင်းကျင်းပနေသည့် အားကစားပြိုင်ပွဲဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပလျက်ရှိသည့် E-sports အားကစားကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ E-sports ပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အသင်း ၂၀၀ ကျော်နှင့် ပရော်ဖက်ရှင်နယ် ကစားသမားပေါင်း ၂၀၀၀ ကျော်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

KMKD